http://www.mongloi.org/burmese/index.php?option=com_content&view=article&id=348:2009-02-11-04-04-49&catid=2008-08-03-15-56-21&Itemid=279 မှ ကူးယူဖေါ်ပြသည်။။
အောင်ပွဲစစ်မှန် ညီညွတ်ရေးစာမျက်နှာသစ်
ဗုဒ္ဓဟူးနေ့၊ 11 ဖေဖော်ဝါရီလ 2009 မောင်ခင်အေးတင့် (မဒေါက်)
(ကျနော်တို့ ကရင်တော်လှန်ရေးလုပ်တဲ့အခါ ကျနော်တို့က ကိုယ့်အခြေခံအမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့်တွေအတွက် ကျနော်တို့ တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာဖို့အတွက် ကျနော်တို့ တိုက်ပွဲဝင်နေ တာဖြစ်တယ်။ ကျနော်တို့နဲ့ ဘ၀တူ လူမျိုးစုတွေ၊ ပြည်သူတွေ၊ သူတို့ကို ကိုယ်စားပြုနေတဲ့နိုင်ငံရေးအဖွဲ့ အစည်းတွေနဲ့ ကျနော်တို့ လက်တွဲဆောင်ရွက်ခဲ့တာဖြစ်တယ်။ ရှေ့ဆက်ပြီးတော့လည်း ဆုံးခန်းတိုင် ကျနော်တို့လက်တွဲ ပြီးတော့ ဆောင်ရွက်သွား မယ်ဆိုတာ ဒီနေ့ထပ်ပြီး အတည်ပြုပြောချင်တယ်။)
(မန်းရှာလားဖန်း-၅၉နှစ်မြောက် ကရင့်တော်လှန်ရေးနေ့)
ဗမာပြည်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက လူမျိုးပေါင်းစုံတို့ အတူတကွ မှီတင်းနေထိုင်ပျိုးထောင်ခဲ့ကြသော တိုင်းပြည်တစ်ပြည် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ဗမာပြည်ကို လူမျိုးပေါင်းစုံတို့ အတူတကွပိုင်ဆိုင်ကြသည်။ ခေတ်အဆက် ဆက်မှ အုပ်စိုးသူလူတန်းစားကိုလည်း အတူတော်လှန်တိုက်ခိုက်ခဲ့ကြသည့် ထူးခြားချက်များသည် ယနေ့အထိ ရှိနေပေ သည်။ ယနေ့ဗမာပြည်သည် လူမျိုးစုများ အလွန်များပြားသလို လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများလည်း များပြားသည်။ လူမျိုးစုတိုင်းလိုလို လက်နက်ကိုင်အဖွဲ့အစည်းများ ရှိနေကြသည်။ တဖက်မှာလည်း လူတန်းစားလက်နက် ကိုင် အဖွဲ့အစည်းများလည်း ရှိနေပြန်သည်။ ထိုလူတန်းစား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အမျိုးသားလူမျိုးစု (လူနည်းစု) လက်နက်ကိုင်အဖွဲ့အစည်းများတို့သည် တချိန်တည်းလိုပင် ပေါ်ပေါက်လာကြသည်။ အတူတကွလည်း ရှိနေ သည်။ သို့သော် လမ်းစဉ်ဆိုင်ရာ မူများမှာမူ မတူညီကြချေ။ ဤပ္တွိပက္ခသည်လည်း ရှိနေပြန်ပါသည်။ ယင်းအမျိုးသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နှစ်ပေါင်းရှည်ကြာစွာ ဆင်နွှဲလာခဲ့သော ပြည်တွင်းစစ်ရပ်စဲရေးနှင့် အဆုံးသတ်ရေး၊ အမျိုးသားလွတ်မြောက်ရေး တော်လှန်စစ်ပွဲ၏ ဇွဲလုံ့လ၊ သတ္တိနှင့် အုပ်စိုးသူလူတန်းစား ဘုံရန်သူ အဆက် ဆက်ကို ယနေ့ထိတိုင် ကိုယ့်အားကိုယ်ကိုး ကိုယ့်ဒူးကိုယ်ချွန်၍ ခုခံတော်လှန်တိုက်ခိုက်နိုင်ခဲ့ခြင်း၏ အစဉ်အလာကြီးမားမှု၊ ရဲဝံ့ပေးဆပ်မှု၊ ဂုဏ်ရောင်ထွန်းပြောင်မှုအစုစုတို့သည် သမိုင်းမော်ကွန်းတင် ကျောက်စာကဗျည်းထိုး ထင်ကျန်ရစ်ပြီး ဖြစ်ပေ သည်။ ယင်းသို့ နှစ်ပေါင်းရှည်ကြာစွာ ဆင်နွှဲလာခဲ့သော အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲသည် သက်ဆိုင်ရာ လူမျိုးစု လက်နက်ကိုင်အဖွဲ့အသီးသီး၏ မွေးရာပါ သဘာဝအခွင့်အရေးဖြစ်သော အသက်ရှင်သန် ရပ်တည်ပိုင်မှု၊ တန်းတူညီမျှမှုနှင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်မှု စသည့် အခြေခံရပိုင်ခွင့် အခွင့်အရေးတို့အတွက် အုပ်စိုးသူလူတန်းစားကို စဉ်ဆက်မပြတ် တရားသဖြင့် ဆန့်ကျင်တွန်းလှန်နေခြင်းဖြစ်သည်။ တရားမျှတသော ခုခံတော်လှန်စစ်လည်း မည်ပေသည်။ ခေတ်အဆက် ဆက်မှ အုပ်စိုးသူလူတန်းစား၏ အဓမ္မနည်းသုံး၍ လက်နက်နှင့်အကြမ်းဖက် ဖြေရှင်းနှိပ်ကွပ်မှုကို အခြားရွေးချယ်စရာလမ်း မရှိတော့သည့်အတွက် ကျန်ရှိသည့် တစ်ခုတည်းသော နည်းလမ်းအဖြစ် လက်နက်စွဲကိုင်၍ တန်ပြန်တော်လှန်စစ်ကို ဆင်နွှဲ နေရသည့် အမျိုးသားလွတ်မြောက်ရေး ဘ၀တိုက်ပွဲလည်းမည်ပေသည်။ သက်ဆိုင်ရာ မိမိတို့လူမျိုးများ၊ မျိုးနွယ်စုများ၏ ကိုယ်စီထူးခြားမှုများနှင့် အကျိုးစီးပွားများအတွက် သီးခြားကွဲပြားစွာ တော်လှန်တိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ မိမိတို့၏ လူမှုအဖွဲ့အစည်းပုံသဏ္ဍန်အရ မတူကွဲပြားစွာ ကိုယ်စီတုန့်ပြန်နေ ကြခြင်း ဖြစ်ပါသည်။ ယင်းသို့ မိမိတို့အသီးသီး ကိုယ်စားပြုရာ လူမျိုးများ၊ မျိုးနွယ်စုများ လွတ်မြောက်ရေးအတွက် တသီး တခြား တကွဲတပြား ကျဲကွဲစွာ ဆောင်ရွက်နေခြင်းဖြင့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်မည်မဟုတ်ပါ။ မိမိတို့ အသီးသီး ကိုယ်စားပြုရာ လူမျိုးများ၊ မျိုးနွယ်စုများအပါအ၀င် ဖွဲ့တည်နေသည့် တခွင်တပြင်လုံးဆိုင်ရာ လက္ခဏာဆောင်သော အဖိ နှိပ်ခံလူမျိုးစုံ မြန်မာပြည်သူတရပ်လုံး လွတ်မြောက်ရေးနှင့် ဆက်စပ်ပေါင်းစည်းနိုင်မှသာ အောင်မြင်နိုင်မည် ဖြစ်ပေသည်။ ယင်းသို့ တသီးတခြား ကျဲကွဲနေမှုကို တစုတစည်းညီညွတ်မှုအဖြစ်သို့ ပြောင်းလဲဖန်တီးနိုင်မှသာ ကြီးမားသောတိုက်ပွဲဝင် အင်အားကြီး ဖြစ်လာမည်ဖြစ်သည်။ ကျဲကွဲနေမှုမှ စုစည်းညီညွတ်မှုအဖြစ် ပြောင်းလဲရာ၌လည်း အထစ်အငေါ့ မရှိလွယ်ကူ ပြေပြစ် ချောမောစွာ လုပ်ဆောင်နိုင်မည်တော့ မဟုတ်ပါ။ သက်ဆိုင်ရာ ကိုယ်စီအကျိုးစီးပွား၊ ကိုယ်စီထူးခြားမှုများအရ ကိုယ်စီဆုပ်ကိုင်ထားသော လူမျိုးဆိုင်ရာ လူတန်းစားဆိုင်ရာ အမြင်သဘောထားများကြောင့် အငြင်းပွားမှုများ၊ စေ့စပ်ဆွေးနွေးရမှုများ၊ စိတ်ရှည်သည်းခံရမှုများကို မလွဲမသွေ ရင်ဆိုင် ဖြတ်သန်းကြရမည်သာ ဖြစ်ပါသည်။ ယင်း၌ အဖိနှိပ်ခံဟူသော ယေဘူယျတူညီမှုက စုစည်းညီညွတ်မှုကို ဖြစ်ပေါ်စေပြီး ကိုယ်စီအကျိုးစီးပွား၊ ကိုယ်စီထူးခြားမှုများက ကျဲကွဲမှုကို ဖြစ်ပေါ်စေသည့် ပကတိတည်ရှိမှုကို အတိုင်းအတာအလျောက် လက်ခံအသိအမှတ်ပြုကြရမည် ဖြစ်ပေသည်။ ကျဲကွဲမှုနှင့် စုစည်းညီညွတ်မှုသည် ဘက်နှစ်ဘက်အဖြစ် အတူတည်ရှိနေ သောကြောင့် ကျဲကွဲမှုမှ စုစည်းညီညွတ်မှုသို့ ပြောင်းလဲ၍ရသည်သာ ဖြစ်ပါသည်။ ယင်းကျဲကွဲမှုမှ စုစည်းညီညွတ်မှုသို့ ပြောင်းလဲ၍ အောင်ပွဲရယူခဲ့သည့် သာဓကများလည်း ဗမာပြည်သမိုင်း၌ အထင်အရှားရှိခဲ့သည်။ ဗမာပြည်၏ နယ်ချဲ့ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲသမိုင်းတွင် ပေါ်ထွန်းခဲ့ဘူးသော ဗမာ့ထွက်ရပ်ဂိုဏ်းနှင့် ဖက်ဆစ် ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ဖဆပလ) အမျိုးသားညီ ညွတ်ရေးတပ်ပေါင်းစုကြီးမှာ ထင်ရှားသော သာဓက ဖြစ်ပါသည်။ (ယင်း၏အချိန်ကာလ အပိုင်းအခြားနှင့် လက်ရှိဖြစ်တည်နေသော အချိန်ကာလအပိုင်းအခြားအရ နိုင်ငံရေး အခြေအနေ၊ အနေအထား မတူညီဘဲကွဲပြားစွာ ရှိနေမည်မှာလည်း အမှန်ပင်ဖြစ်ပေလိမ့်မည်။) ယင်းစုစည်း ညီညွတ်မှု တည်းဟူသော ကြီးမားသော တိုက်ပွဲဝင်အင်အားကြီးဖြင့် စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ရမည် ဖြစ်ပေသည်။ မြန်မာ့ လူ့အဖွဲ့အစည်းအတွင်းမှ အပြီးအပိုင် မောင်းထုတ်ပစ်နိုင်မည် ဖြစ်ပေသည်။ သို့အတွက်ကြောင့်ယင်းသို့ကျဲကွဲနေမှုများကို စုစည်းညီညွတ်မှုအဖြစ်သို့ ရောက်ရှိလာအောင် လုပ်ဆောင်ကြရမည်မှာ မိမိတို့ လူမျိုးစုံမြန်မာ ပြည်သူတရပ်လုံး၏ အမျိုးသားရေးတာဝန်တရပ် ဖြစ်ပေသည်။ ဒီကနေ့ စည်းလုံးညီညွတ်မှု ရရှိပြီဆိုသည်နှင့်တပြိုင်နက် တည်း အာဏာရှင်စနစ်လည်း အလိုလိုကျဆုံးပြီးဖြစ်ပေလိမ့်မည်။ ယင်းအပြင် စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်း ရေး တိုက်ပွဲစဉ်၏ အဓိက အခြေခံကျသည့် လုပ်ငန်းစဉ်အဆင့်တခုလည်း မည်ပေသည်။ အထူးအားဖြင့် နိုင်ငံရေးပါတီများ၊ နိုင်ငံရေးခေါင်းဆောင်များအတွက် ဉာဏ်ပညာ အမြော်အမြင်ဆိုင်ရာ၊ နိုင်ငံရေးစီမံခန့်ခွဲခြင်း သဘောတရားရေးရာ ပဓာန ကျသည့် အရေးကြီးတာဝန်လည်း ဖြစ်ပေသည်။ ယင်းနိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများသည်လည်း တသီး တခြား ပေါ်ထွက်လာခြင်းမျိုးမဟုတ်ဘဲ စုစည်းညီညွတ်မှု၊ ကျဲကွဲမှု ဘက်နှစ်ဘက်ဖြင့် ဖွဲ့တည်နေသည့် အဖိနှိပ်ခံလူမျိုး ပေါင်းစုံ မြန်မာပြည်သူလူထုအတွင်းမှ မိမိတို့ ကိုယ်စားပြုရာ လူမျိုးများ၊ မျိုးနွယ်အုပ်စုများ၏ ကိုယ်စီထူးခြားမှုနှင့် အကျိုး စီးပွားများအတွက် ရပ်တည်တိုက်ပွဲဝင်ရန် ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။ အဖိနှိပ်ခံ လူမျိုးပေါင်းစုံမြန်မာပြည်သူတရပ်လုံး လွတ်မြောက်ရေးအတွက် ကိုယ်စီရပ်ခံတိုက်ပွဲဝင်နေကြခြင်း ဖြစ်ပါသည်။ဤသည်ကြောင့်ပင် ကျနော်တို့တော်လှန်ရေး၏ နိုင်ငံရေးဦးတည်ချက်များဖြစ်သော အမျိုးသားတိုင်း စစ်မှန်သည့် တန်းတူ မှုရရှိရေးနှင့် သွေးစည်းညီညွတ်ရေး၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး၊ တစည်းတလုံးတည်းသော တပူးတပေါင်းတည်း သော တိုင်းပြည်ဖြစ်ရေးစသည့် နိုင်ငံရေးရည်မှန်းချက်များ ရရှိဖြစ်တည်လာစေရေးအတွက် ခေတ်အဆက်ဆက်မှ အုပ်စိုးသူ လူတန်းစားကို နှစ်ပရိစ္ဒေဒရှည်ကြာစွာ ကြံ့ကြံ့ခံတော်လှန် တိုက်ပွဲဝင်နေခဲ့ကြသော သွေးရင်းသားရင်းညီအကိုတော် လက်နက်ကိုင် တော်လှန်ရေးအင်အားစုများနှင့် နိုင်ငံရေးအရ၊ စစ်ရေးအရ ရရှိနိုင်သည့်အဆင့်မှစတင်၍ (၂)ဦး(၂)ဘက် အကျိုးရှိနိုင်မည့် လုပ်ငန်းစဉ်ရပ်မှန်သမျှကို လက်တွေ့ပူးတွဲလုပ်ဆောင်သွားရမည် ဖြစ်ပေသည်။ ယင်းသို့ ပူးတွဲဆောင်ရွက်သွားမှသာ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ တစ်စုနှင့်တစ်စုအကြားရှိ သဘာဝ ပထ၀ီအနေအထားအရ မတူကွဲပြားလျှက် နှစ်ပရိစေဒ သီးခြားစီဖြစ်တည်နေကြသော ဘ၀ရပ်တည်ရှင်သန်မှုပုံစံ၊ ကိုယ်ခန္ဒာဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဍာန်၊ ဆက်သွယ်ပြောဆိုသုံးစွဲသော စကား၊ ဘာသာရေးကိုးကွယ်ယုံကြည်မှု အစရှိသည့် ယဉ်ကျေးမှုအစုစုများသည်လည်း ဒွေးရောယှက်တင် ကူးလူးဆက်စပ်မှု ဖြစ်ပေါ်လာပြီး အကျိုးတူလုပ်ငန်းများကို လုပ်ဆောင်ရင်းဖြင့် ပိုမို နားလည်သဘောပေါက် လက်ခံလာစေမည် ဖြစ်ပေသည်။ ယင်းသို့အားဖြင့် အချိန်ကာလတခုကို ကုန်လွန်ကျော်ဖြတ်ခြင်းဖြင့် အပေးအယူ တည့်ညီစွာ အပြန်အလှန် အားကိုးယုံကြည်လာစေ၍ ပေါင်းစည်းမှုစွမ်းပကားကို အထင်အရှားပြဆိုရင်း ဖြင့် အမျိုးသားသွေးစည်းညီညွတ်မှု လမ်းကြောင်းဆီသို့ ဦးတည်ရောက်ရှိသွားစေမည် ဖြစ်ပေသည်။ ယင်းအမျိုးသား ညီညွတ်မှုရှိရေးသည် တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခု၌ မရှိမဖြစ် အလိုအပ်ဆုံးသောအရာပင် ဖြစ်ပေသည်။ တိုင်းပြည်တစ်ခု၊ နိုင်ငံတစ်ခု၏ ငြိမ်းချမ်းတည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်သာယာဝပြောရေးသည် ယင်းတိုင်းပြည်၌ အမျိုးသားညီညွတ်မှုရှိခြင်း-မရှိခြင်းအပေါ်တွင် တည်မှီဖြစ်ပေါ်လျှက်ရှိပေသည်။ အလုံးစုံသော လူမျိုးစုံမြန်မာပြည်သူတရပ်လုံး၏ အခြေခံလိုအပ်ချက်ကြီးဖြစ်သည့် စားဝတ်နေထိုင် အသက်ရှင်သန်ရေးတို့ အတွက် အကြောင့်အကျကင်းစွာ ပရိယေသန ရှာမှီးနိုင်ခွင့်ရှိခြင်းသည်ပင် ယင်းအမျိုးသားညီညွတ်မှု၊ စည်းလုံးမှုမှ အကြောင်း ရင်းခံ ဖြစ်တည်လာသည့် မှန်ကန်မျှတသော အုပ်ချုပ်မှုစနစ်ကြောင့် ဖြစ်ပေသည်။ သို့အတွက် လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးသည် လူသားအပေါင်းတို့၏ လူဖြစ်ခြင်းနှင့်အညီ အခြေခံရပိုင်ခွင့် အခွင့်အရေးများဖြစ်သော လွတ်လပ် စွာ အသက်ရှင်သန်ရပ်တည်ပိုင်ခွင့်၊ လွတ်လပ်စွာ ရှာဖွေစားသောက်ပိုင်ခွင့်၊ လွတ်လပ်စွာ ရှာမှီးသိုလှောင်စုဆောင်းပိုင်ခွင့် အစရှိသည့် လူသားဘ၀ မြင့်မားတိုးတက်လာရေး၊ ဘ၀လုံòခံမှု အာမခံချက်ရှိရေးတို့ ရရှိဖြစ်ပေါ်လာရန် အဖိနှိပ်ခံလူမျိုး ပေါင်းစုံ မြန်မာပြည်သူတရပ်လုံး၏ ဘုံအမျိုးသားအကျိုးစီးပွားကို အမှန်တကယ် ဖော်ဆောင်ပေးနိုင်မည့် အမျိုးသားသွေး စည်းညီညွတ်ရေးကို မဖြစ်မနေ တည်ဆောက်ကြိုးပမ်းသွားကြရမည် ဖြစ်ပေသည်။ယနေ့တိုင်းပြည်အတွင်း ရင်ဆိုင်ကြုံတွေ့နေရသည့် အရပ်ရပ်သော ပြဿနာအပေါင်းစု၏ အကြောင်းရင်းမှာလည်း ဒီမိုကရေ စီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး စသည်တို့ ဆိတ်သုဉ်းနေခဲ့ခြင်းကြောင့်သာ ဖြစ်ပေသည်။ ယင်းသည်ပင် အမျိုးသားညီညွတ်ရေးပြိုကွဲမှုအစနှင့် ပြည်တွင်းစစ် ဖြစ်ပွားခဲ့ရခြင်း၏ မူလအခြေခံ အကြောင်းတရားများ ဖြစ်သည်ဟုဆိုလျှင် မှားလိမ့်မည်မဟုတ်ပေ။ ပြည်တွင်းစစ်ဆိုရာ၌လည်း စင်စစ်အားဖြင့် နိုင်ငံရေးပဋိပက္ခများ၊ နိုင်ငံရေး ကွဲလွဲချက်များ၊ နိုင်ငံရေးပြဿနာများကို လက်နက်နှင့် အကြမ်းဖက်ဖြေရှင်းခြင်းသာ ဖြစ်ပါသည်။ ယင်း၌ ဗမာပြည်ရဲ့ ခေတ်အဆက်ဆက် အုပ်စိုးသူလူတန်းစားများက ပြည်တွင်းစစ်မှာ အပြုတ်တိုက်ရေးပေါ်လစီကိုသာ ကိုင်စွဲထားခဲ့ကြပေ သည်။ ယင်း၏အကျိုးဆက်အဖြစ် မဆလ၊ န၀တ၊ နအဖ စစ်အာဏာရှင်အဆက်ဆက်သည်လည်း လက်နက်နှင့် အကြမ်း ဖက်ဖြေရှင်းသည့်နည်းကိုသာ တခုတည်းသောနည်းလမ်းအဖြစ် ယနေ့တိုင် ဆက်လက်ဆုပ်ကိုင် ကျင့်သုံးနေခြင်းဖြစ်ပေ သည်။ တိုင်းပြည်၏ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်အားကိုး ဖြေရှင်းနေ၍သာ ပြည်တွင်းစစ် သက်တမ်းရှည်နေရခြင်း ဖြစ်ပေသည်။ ယင်း၏ရလာဒ်အဖြစ် ယနေ့ထိတိုင် ပြည်တွင်းစစ် မရပ်စဲနိုင်သေးပါ။ ပြည်တွင်းစစ်ကို မရပ်စဲနိုင်သေးသည့်အတွက် အမျိုးသားစည်းလုံးညီညွတ်မှုကိုလည်း မတည်ဆောက်နိုင်ပါ။ အမျိုးသား စည်းလုံးညီညွတ်မှုကို မတည်ဆောက်နိုင်သေးသရွေ့ ကျနော်တို့ လူမျိုးပေါင်းစုံပြည်သူလူထုကြီး၏ သမိုင်းစဉ်ဆက် တလျှောက် တောင်းဆိုတိုက်ပွဲဝင်လာသည့် စစ်မှန်သော အမျိုးသားတန်းတူရေးနှင့် သွေးစည်းညီညွတ်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး၊ တပေါင်းတစည်းတည်းသော၊ တပူးတပေါင်းတည်းသော တိုင်းပြည်ဖြစ်ရေးစသည်များသည် အလှမ်း ကွာဝေးနေဦးမည်သာ ဖြစ်ပေသည်။ သို့အတွက်ကြောင့် ကျနော်တို့ လူမျိုးစုံပြည်သူအပေါင်းသည် ဒီကနေ့၏ ဘုံအမျိုး သားအကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည့် အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးကို သဏ္ဍန်အရမဟုတ်ဘဲ အနှစ်သာရရှိစွာ မဖြစ်မနေ ကြိးပမ်းတည်ဆောက်အကောင်အထည်ဖော်သွား ကြရမည် ဖြစ်ပေသည်။ ယင်းသည် တမျိုးသားလုံးနှင့်ဆိုင်သော ပြဿနာကြီးဖြစ်သကဲ့သို့ အဖိနှိပ်ခံလူမျိုးစုံ မြန်မာပြည်သူတရပ်လုံး၏ အနာဂတ် ကံကြမ္မာရေးဆိုင်ရာ ပြဿနာကြီးလည်း ဖြစ်ပေသည်။ ယင်းသို့ အနှစ်သာရရှိသည့် အမျိုးသားညီညွတ်ရေး တပ်ပေါင်းစု ကြီးဖြင့် စစ်အာဏာရှင်စနစ်ကို လုံးဝ ချုပ်ငြိမ်းပပျောက်သည်အထိ အကုန်အစင် ဖျက်သိမ်းပစ်ရမည် ဖြစ်ပေသည်။ သို့မှသာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော တိုင်းပြည်ဖြစ်ရေး၊ အမျိုးသားတန်းတူရေးနှင့် အမျိုးသားများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးစသည့် နိုင်ငံရေးဦးတည်ချက်များကို ဆက်လက်ဖော်ဆောင်တည်ဆောက် သွားနိုင်မည် ဖြစ်ပေသည်။ အဖိနှိပ်ခံလူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုကြီးတရပ်လုံး၏ တစ်ခုတည်းသော စည်းလုံးညီညွတ်မှု စွမ်းပကားဖြင့်သာလျှင် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရက်ယန္တရားတည်းဟူသော စစ်အာဏာရှင် စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်နိုင်၍ မြန်မာ့လူ့အဖွဲ့အစည်းမှ အပြီးတိုင်မောင်းထုတ် ချုပ်ငြိမ်းကွယ် ပျောက်ပစ်နိုင်မည် ဖြစ်ပေသည်။ သို့အတွက် ဗမာပြည်အတွင်း အတူတကွ မှီတင်းနေထိုင်ခဲ့ကြသော လူမျိုးစုံပြည်သူအပေါင်း အမျိုးသားအသီးသီးတို့သည် ဘုံရန်သူ စစ်အာဏာရှင်စနစ် ဇီဝိန်ချုပ်ငြိမ်းသွားရေးအတွက် အမျိုးသားသွေးစည်းညီညွတ်ရေးကို မဖြစ်မနေ ပြန်လည် အကောင်အထည်ဖော် တည်ဆောက်သွားကြရမည်သာ ဖြစ်ပေသည်။ ယင်း၌ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ မျိုးချစ်ခေါင်းဆောင်ကြီးများ လုပ်ကြံခြင်းမခံရမီ ကြိးပမ်းအားထုတ် တည်ဆောက်ခဲ့၍ အမြုတေအဖြစ် အခြေခံအုတ်မြစ်ချထားနိုင်ခဲ့သော အမျိုးသားသွေးစည်းညီညွတ်မှုပြယုဂ်ဖြစ်သည့် ၁၉၄၇ခုနှစ် သမိုင်းဝင် ပင်လုံ စာချုပ်-ပင်လုံစိတ်ဓာတ် သဘောတူညီချက်လည်း ရှိထားနှင့်ပြီးဖြစ်ပေသည်။ ယင်းအမြုတေအုတ်မြစ်ကို ဆက်လက် ရှင်သန်ရုပ်လုံး ဖော်မည့် မာနယ်ပလောစာချုပ် (၁၉၉၂)၊ မဲ့သရောထာ သဘောတူညီချက် (၁၉၉၇)၊ သူးမွဲကလိုး သဘော တူညီချက် (၁၉၉၈) များကိုလည်း ချုပ်ဆိုထားနိုင်ခဲ့ပြီးလည်း ဖြစ်ပေသည်။ ယင်းသို့အထိ ဖြစ်ထွန်းပေါ်ပေါက် စေခဲ့ပြီးလည်း ဖြစ်ပေသည်။ ဆက်လက်၍ လက်ငင်းရုပ်လုံးဖော်ကြရန်မှာ၊ အသက်သွင်းကြရန်မှာ ယနေ့ဗမာပြည်၏ လတ်တလော အရေးတကြီး လိုအပ်ချက်ဖြစ်သကဲ့သို့ လူမျိုးပေါင်းစုံ မြန်မာပြည်သူလူထုကြီးတရပ်လုံး၏ အနာဂတ်ကံကြမ္မာဆိုင်ရာ အမျိုးသား အကျိုး စီးပွားလည်း ဖြစ်ပေသည်။ မြန်မာပြည်အမျိုးသားထုတရပ်လုံး၏ ဘုံအကျိုးစီးပွား ပေါ်ပေါက်ဖြစ်တည်ရေး မှာလည်းအားလုံး သော အမျိုးသားထုတရပ်လုံး၏ တင်းမာမှုလျော့ပါးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေးတို့ကို အစစ်အမှန် ဖန်တီးဖြစ်ပေါ်လိုလားသည့် တက်ကြွသော အခြေခံစိတ်ဆန္ဒရှိမှုအပေါ်၌သာ မူတည်ပေသည်။ ယင်းသို့သော အခြေခံစိတ်ဓါတ်ဖြင့် စစ်မှန်စွာ ကြိုးပမ်းအားထုတ်ဖော်ဆောင်လိုသည့် အဖွဲ့အစည်းများ၊ ပါတီများ၊ အစု အဖွဲ့များ၊ တသီးပုဂ္ဂလများ-အားလုံး တို့သည် အတိတ်မှသင်ခန်းစာကိုရယူ၍ ယနေ့(၂၁)ရာစုကာလ လူ့အဖွဲ့အစည်း၏ ဖြစ်ပေါ်တိုးတက်မှု၊ ပကတိဘာဝနှင့် မကိုက်ညီ မအပ်စပ်တော့သည့် ကုန်လွန်ခဲ့သော သမိုင်းဆယ်စုနှစ်များအတွင်းမှ ဟောင်းနွမ်းဆွေးမြေ့သော လူမှု့အဆောက်အအုံကြီး၌ စွဲတင်ကျန်ရစ်သော ‘ ၀ါဒစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ' အစရှိသည့် အစွဲအလမ်းများကို ခ၀ါချကင်းစင် ပပျောက်စေလျှက် တမျိုးသားလုံး၏ ဘုံအကျိုးစီးပွားကို ဖော်ဆောင် တည်ဆောက်ပေးနိုင်မည့် အမျိုးသားသွေးစည်းညီညွတ်မှုအင်အားကို မဖြစ်မနေ အလျှင်အမြန် တည်ဆောက်ကြပြီး ထိရောက် ထက်မြက်သည့် ကြီးမားသောနိုင်ငံရေးကိရိယာ လက်နက်ကောင်းအဖြစ် ညီညွတ်စွဲမြဲစွာ အခိုင်အမာဆုပ်ကိုင် ချီတက်သွားမှသာလျှင် စစ်အာဏာရှင်စနစ်ကြီးကို မုချဇီဝိန်ချုပ်ငြိမ်း ပပျောက်စေနိုင်မည်ဟု ယုံကြည်ယူဆပါကြောင်း ယနေ့ တော်လှန်ရေးသတိ နိုးကြားစွာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ယနေ့ဒီမိုကရေစီရေးတိုက်ပွဲတွင် ပါဝင်နေကြသည့် နိုင်ငံရေးပါတီများအနက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် တပြည်လုံးလက္ခဏာဆောင်သော ရှေ့ဆောင်ပါတီ ဖြစ်ပါသည်။ (၈) လေးလုံးအရေးတော်ပုံ ကြီးအတွင်းမှ ပြည်သူလူထုကြီးကိုယ်တိုင် မိမိတို့၏ စိတ်ဆန္ဒအရ ရွေးချယ်လိုက်သောပါတီ ဖြစ်ပါသည်။ စစ်အုပ်စု ကိုယ်တိုင် ကျင်းပပေးသည့် (၉၀) ပြည့်ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော တရားဝင်ပါတီလည်း ဖြစ်ပေသည်။ ယင်းရှေ့ဆောင်ပါတီ ဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တာဝန်မှာ ပြည်သူလူထုကြီးတရပ်လုံး စုစည်းညီညွတ်လာအောင် စည်းရုံးရေး၊ ပြည်သူလူထုကြီး၏ ညီညွတ်မှုအင်အားဖြင့် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေး၊ ပါတီစုံဒီမိုကရေစီ စနစ်တည်ဆောက်ရေး တို့ကို ရှေ့ဆောင်ရှေ့ရွက်ပြုရန် ဖြစ်ပါသည်။ သို့ရာတွင် ဒီမိုကရေစီ အကြွင်းမဲ့ဆိတ်သုဉ်းနေသော ဖက်ဆစ်တပိုင်း စစ်အာဏာ ရှင်စနစ်အောက်တွင် ပါတီတရပ်၏တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်နိုင်ဖို့ရန်မှာ မလွယ်ကူလှပါ။အခက်အခဲ အကျပ် အတည်းပေါင်းစုံနှင့် ရင်ဆိုင်နေရပါသည်။ စစ်အာဏာရှင်စနစ်အောက်တွင် ဒီချုပ်၏ ဥပဒေတွင်းနိုင်ငံရေးလှုပ်ရှား မှုမှာ အကန့်အသတ်ကြီးလွန်းစွာ ရပ်တည်နေရသောအခြေအနေ ဖြစ်ပါသည်။ ပြည်သူလူထုကြီးတရပ်လုံး ညီညွတ်ပြီး တိုက်ပွဲ ၀င်လာအောင် စည်းရုံးရာတွင် ဒီချုပ်အပါအ၀င် ဥပဒေတွင်းပါတီများအနေဖြင့် ဘက်စုံဒေါင့်စုံ ဆောင်ရွက်နိုင်သည့် အခြေ အနေမရှိပါ။ အရေးကြီးသော လစ်ကွက်ဟာကွက်များ မလွဲမရှောင်သာ ရှိနေမည်ဖြစ်ပါသည်။ ဤသည်ကြောင့်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှမြစ်ဖျားခံ၍ နိုင်ငံရေးအရ အားအင်စွမ်းပကား ကြီးမားကြံ့ခိုင်လှသော ပြည်တွင်းနိုင်ငံရေးတပ်ပေါင်းစုကြီးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီသည် သမိုင်းရေးရာလိုအပ်ချက်အရ ဆက်လက်ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။ ယင်းကိုယ်စားပြုကော်မီတီသည်လည်း စစ်အာဏာရှင်စနစ်အောက်တွင် အလွန်အကန့်အသတ်ကြီးစွာဖြင့် ရပ်တည်လှုပ်ရှားနေရသော်လည်း နအဖစစ်အုပ်စုအတွက် အင်မတန်ကြောက်ရွံ့ရသည့်၊ ထိတ်လန့်တုန်လှုပ်ရသည့် ဥပဒေတွင်း နိုင်ငံရေးတပ်ပေါင်းစုကြီးလည်း ဖြစ်ပါသည်။ ယနေ့ကာလ ဒီမိုကရေစီရေးတိုက်ပွဲ ကြီး၏ မီးရှုးတန်ဆောင် တပ်ဦးအလံကိုင်အဖွဲ့ကြီးလည်း ဖြစ်သည်ဟုဆိုလျှင် မှားနိုင်လိမ့်မည်မဟုတ်ချေ။ သို့အတွက်ကြောင့် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ချေမှုန်းနေကြသော တော်လှန်ရေးအင်အားစုများ၊ နိုင်ငံရေးအင်အား စုများ အားလုံးသော ဒီမိုကရေင်္စအင်အားစုများက ယင်းတပ်ဦးအလံကိုင်အဖွဲ့ကြီးကို မြေပေါ်မြေအောက်နည်းစုံ ဖြင့်ဖြည့် ဆည်းဝန်းရံကြဖို့ လိုအပ်ပါသည်။ ပြည်တွင်းပြည်သူလူထုကြီးနှင့် အနီးကပ်တည်ရှိနေပြီး လာမည့် လူထုတိုက်ပွဲ ကြီးအတွက် ၀ိုင်းဝန်းပြင်ဆင်ရင်း အခွင့်အခါကောင်းကို စောင့်စားကြရမည်ဖြစ်ပါသည်။ လက်ဦးမှုရှိစွာ အသင့်ပြင်ဆင်ထားကြရမည် ဖြစ်ပါသည်။ ယင်းသည်ပင် ဥပဒေတွင်း နိုင်ငံရေးတပ်ပေါင်းစုကြီးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီကို ၀န်းရံပံ့ပိုး အားဖြည့်ဆည်းနိုင်မည့် အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံးနည်းဖြစ်ပါသည်။ယင်းသို့ပြင်ဆင်ဆောင်ရွက်ရာတွင် တပါတီကောင်း၊ တဦးကောင်းတဖွဲ့ကောင်းနှင့်မရနိုင်ပါ။ တယောက်တပေါက် ကျဲကျဲ ကွဲကွဲ ဆောင်ရွက်၍လည်း မအောင်မြင်နိုင်ပါ။ ဒီမိုကရေစီရေးအင်အားစုများအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်ကြရမည်သာ ဖြစ်ပါသည်။ အချိန်မီ စုပေါင်းပြင်ဆင်ကြဖို့ လိုပါသည်။ ပြင်ဆင်မှုနောက်ကျလျှင် အလွန်တရာမှကို ကြီးမားသော ဆုံးရှုံးမှုများကို ဆက်လက်ရင်ဆိုင် ခံစားကြရမည်သာဖြစ်ပါသည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကာ လူမျိုးစုံမြန်မာပြည်သူတရပ်လုံး ဆယ်စုနှစ်ပေါင်းများစွာ ဆက်လက်၍ ဒုက္ခပင်လယ်ဝေကြရမည်ဖြစ်ပြီး တိုင်းပြည်လည်း စုံးစုံးနစ်မည်သာ ဖြစ်ပါကြောင်းနှင့် ပြည်တွင်းပြည်ပရှိ စစ်အာဏာရှင်ဆန့်ကျင် တိုက်ဖျက်ရေးအင်အားစု များအားလုံးအသီးသီးသို့ ယနေ့ တော်လှန်ရေးသတိ နိုးကြားကြစေရန် ထပ်မံတိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
Friday, February 13, 2009
အောင်ပွဲစစ်မှန် ညီညွတ်ရေးစာမျက်နှာသစ်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment