CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, January 20, 2013

ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား



 ကြောက်စရာအကောင်းဆုံးဟာ အကြောက်တရား


(မောင်သစ်ဆင်း)

ကြိမ်လုံးအကြောင်း စဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘ၀တုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲ သတိရနေမိပါတယ်။ မြန်မာစာအချိန်မှာ ပင်ရင်းစကားပြေ လက်ရွေးစင်ထဲက “မင်းတုန်းမင်းနှင့် ငါးခြောက်
ပြား”ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်း ငယ်ရွယ်စဉ် မောင်လွင်ဘ၀က စံကျောင်းဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။တစ်နေ့မှာ အင်းသားကြီး ငကြူက ငါးခြောက်ပြားကြီးတစ်ပြား လာပြီး လှူတယ်။
ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။

ကျောင်းမှာကလည်း ငါးခြောက် ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲ
မှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။

နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေးတဲ့အခါ မောင်လွင်ကို ငါးခြောက်ဖုတ်ခိုင်းတော့ ငါးခြောက်က ရှာ
မတွေ့တော့ဘူး။
ဆရာတော်ကတော့ လက်ဆေးပြီး နှမ်းဆီမွှေးမွှေးနဲ့ရောက်လာမယ့် ငါးခြောက်ဖုတ်ကိုစောင့်နေတာပေါ့။

မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေမေးမြန်း စုံစမ်းလို့ မရဘဲ ဗျာများနေခိုက် “ဟဲ့.. ငလွင် မရသေးဘူး လား”လို့
မေးလိုက်တော့ ညှိုးညှိုးငယ်ငယ်နဲ့ဘဲ ငါးခြောက်ပြားကြီးပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်ရတော့
တယ်။
“ငလွင်.. လာခဲ့”လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့ ဆရာတော့် အသံက,ကျာင်းသားအားလုံးရဲ့ နှလုံး
သားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။

“ဟဲ့.. ငလွင် နင်ဟာ ဘုရင့်သား၊,အကြောင်းညီညွတ်ရင် နိုင်ငံကို အုပ်ချုပ်မင်းလုပ်ရမယ့်သူ၊ ဒီလိုလူက,ငါး
ခြောက်ပြားလေး တစ်ချပ်ကိုတောင် လုံခြုံအောင်မစောင့်ရှောက်နိုင်ရင် နိုင်ငံကိုဘယ်လို လုံခြုံအောင်လုပ်
နိုင်တော့ မလဲ”
လို့မိန့်ပြီး အချက်ပေါင်းများစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။ မေးခွန်းတစ်ခုက, စံ
ကျောင်းဆရာတော်၏ဆုံးမ,မှုကို သင်လက်ခံပါသလားလို့ အဓိပ္ပာယ်မျိုးပေါက်တဲ့ မေးခွန်းပါ။
နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ ၀င်လာပါတယ်။ အ
ဖြေလွှာတွေကို စားပွဲပေါ်ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။ ဆရာ့မျက်နှာက,နီပြီးတင်းလို့။ တစ်တန်း
လုံးကို ဝေ့၀ဲပြီး ကြည့်တယ်။ တစ်တန်းလုံးကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ်လာတာပါလိမ့်လို့ တွေးနေကြပုံ
ဘဲ။

ဆရာက ကျောင်းသားတစ်ယောက်ရဲ့ နာမည်ကိုခေါ်ပြီး အတန်းရှေ့ထွက်ခိုင်းပါတယ်။ နောက်ဆုံးခုံက
ကျောင်းသားတစ်ယောက် ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို ဆွဲထုတ်ပြီး အဲဒီ့ကျောင်း
သားကို ပေးလိုက်တယ်။

“ဒါ မင့်အဖြေလား”
“ဟုတ်ပါတယ် ဆရာ”
“အေး တစ်တန်းလုံးကြားအောင် ဖတ်စမ်း”

နည်းနည်းအံ့သြနေပုံနဲ့ ကျောင်းသားက သူ့အဖြေကို ဖတ်ပါတယ်။ မှတ်မိသလောက်ဆိုရင်တော့ စံကျောင်း
ဆရာတော်ရဲ့ ဆုံးမပုံကို သူ မကြိုက်ကြောင်း၊ ဆုံးမမှု သဘောထားကို သံသယဖြစ်မိကြောင်း၊ ဆရာတော်ရဲ့
အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကိုလမ်းညွှန်ချင်စိတ်ထက် မိမိအလွန်တရာကြိုက်နှစ်သက်တဲ့ ငါး
ခြောက်ဖုတ်ကို ဘုဉ်းမပေးရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်က,ပိုပြီး ကြီးမားနေနိုင်ကြောင်း ပြီးတော့
ဒီကိစ္စဟာ ဒီလောက် ရိုက်နှက်အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင် ရ,ပါလျက်နှင့် သေရာ
ပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့်ဟု သံသယဖြစ်စရာရှိကြောင်း၊ ဘုရားသား
တော်တို့ မည်သည် ရသ,တဏှာဖြင့် ဆွမ်းဘုဉ်းမပေးသင့်သည်ကို သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က
ဤ၀ိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကိုဆုံးမ,ခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲ
အောင်မှတ်မည်လို့ထင်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်းလက်ထက်မှာ အောက်
မြန်မာနိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်လက် ထိုးပေးလိုက်ရ,တဲ့အတွက် ဒီဆုံးမ,နည်းဟာ မအောင်မြင်ကြောင်း..

အဲဒီလိုတွေ ဖြေထားတာဗျ။ တစ်တန်းလုံးကတော့ တခိခိနဲ့ရယ်ကြတယ်။ သူတစ်ကြောင်း ဖတ်လိုက်၊ ခိခနဲ ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေ ရယ်လေ ဒေါသထွက်နေလေပါဘဲ။
ကျောင်းသားဖတ်ပြီးသွားတော့ ဆရာက သူ့ကိုမေးတယ်။

“မင်း ငါ့ကို နောက်တာလား”
“ဟာ.. မဟုတ်ဘူးဆရာ။ ကျွန်တော် မေးခွန်းကို ဖြေတာပါ။”
 “ကဲ.. အားလုံး သူဖြေတာကို လက်ခံကြသလား၊ တစ်ယောက်ဆီ မေးမယ်၊ ကဲ.. မင်းက,စ,၊ သူဖြေတာ မှန်သလား မှားသလား”

ပထမဆုံးအမေးခံလိုက်ရ,တဲ့ ရှေ့ဆုံးခုံက,ကျောင်းသားဟာ ရုတ်တရက်ဘာဖြေရမှန်း သိပုံမရ,ဘူး။ အဖြေရှင် ကျောင်းသားကို ကြည့်လိုက်၊ ဆရာ့ကို ကြည့်လိုက်၊ ဘေးဘီကို ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့ အဖြေကို ကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာဘဲ။ ဒါပေမယ့် သူ့လိုမဖြေတတ်ဘူး။ သူ့လို ထောင့်စေ့အောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လိုမဖြေရဲဘူး။ တစ်တန်းလုံးလိုလိုလည်း ကျွန်တော့်လိုဘဲလို့ ထင်တယ်။ သူတို့ မျက်နှာတွေကိုကြည့်ရင် သိသာပါတယ်။

“ဟေ့ကောင် ဖြေလေကွာ”

ရှေ့ဆုံးက,ကျောင်းသားခမျာ တုန်သွားပါတယ်။ အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ ချ
လိုက်တယ်။ တကယ်တော့ ဆရာက မှန်သလား မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ်လို့ဆိုပေ
မယ့် အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ၀န်းကျင်အငွေ့အသက်တွေက “မှားတယ်လို့ဖြေစမ်း၊ မဖြေရင်ကြိမ်
လုံး”လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာဟာ ကျောင်းသားတွေကို လိမ်နေသလို သူတရားပါတယ်ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါဘဲ။ ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန် တူပါရဲ့။

“သူဖြေတာ မှားပါတယ်”
 “ဟုတ်ပြီ၊ နောက်တစ်ယောက်”
 “မှား.. အဲ.. မှားပါတယ်”
 “နောက်တစ်ယောက်”
 “မှားပါတယ်”

တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့် ရောက်လာပါတယ်။ ကျွန်တော် ထ,ရပ်လိုက်တယ်။ အသက်တစ်ချက် ပြင်းပြင်းရှူလိုက်တယ်။

“မှားပါတယ်”

အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။ ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကို စိုက်ကြည့်နေမိတယ်။ ထူးခြား
တာက ကျောင်းသားအားလုံးလည်း အဲဒီလိုဘဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို နောက်
ပြောင်မှုနဲ့ အတန်းရှေ့မှာ ရိုက်ပါတယ်။
ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း ကျွန်တော့်ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပါဘဲ။ ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေသလိုဘဲ။ တစ်တန်းလုံးလည်း ကျွန်တော့်လိုဘဲ ခံစားနေရမှာပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။

ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါ
တယ်။ ဆရာ့မှာ ဒီလို တပည့်မျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ ခင်ဗျာ။ ဒါ ဆုံးရှုံးမှုပါ။ ဘာဖြစ်လို့ ကျွန်တော်ဟာ ခံစားမှုခြင်း တူပါလျက်နဲ့ သူ့ လို မဖြေရဲခဲ့ရတာလဲ။ ဖြေရဲသူရှိလာတာ
တောင် ကျွန်တော်က,ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့ရ,တာလဲ။

မောင်သစ်ဆင်း

Friday, January 11, 2013


မည်းတစ်ကောင်

တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ မြည်းတစ်ကောင်ဟာ ရေတွင်းတစ်ခုထဲ ပြုတ်ကျသွားခဲ့တယ် ။ မြည်းဟာ သနားစဖွယ်ကောင်းလောက်အောင် နာရီပေါင်းများစွာ အော်ဟစ်ငိုကြွေးနေခဲ့တယ် ။ လယ်သမားဟာ မြည်းရဲ့အော်သံကိုကြားရပြီးတော့ သူဘာလုပ်ရင်ကောင်းမလဲလို့စဉ်းစားတယ် ။

ဒါနဲ့ပဲ မြည်းဟာလည်းအသက်ကြီးပါပြီ ဒီရေတွင်းကိုလည်း ဖို့ပစ်ဖို့ သင့်ပါပြီလေ ဒီမြည်းအိုကိုလည်း ရေတွင်းထဲက ဘယ်လိုမှ ဆယ်ယူလို့မဖြစ်နိုင်တော့ပါဘူးဆိုပြီး စဉ်းစားတယ် ။ ဒီလိုနဲ့ လယ်သမားဟာ အိမ်နီးနားချင်းတွေကိုခေါ်ပြီး သူ့ကို ကူဖို့ပြောတယ် ။ သူတို့အားလုံးဟာ တူရွင်းငန်းပြားတွေယူပြီး မြေကြီးတွေတူးလို့ ရေတွင်းကို စတင်ပြီးဖို့ကြပါတယ် ။

ပထမမှာတော့ မြည်းဟာ သူဘာဖြစ်တော့မယ်ဆိုတာသိပြီး ကြောက်လန့် ထိတ်ရွံ့စွာ ငိုကြွေးပါတယ် ။ အဲဒီနောက်မှာတော့ လူတွေရဲ့ အံ့သြဖွယ်ရာ (သူ့ကို မြေမြှုပ်တဲ့လုပ်ရပ်) ရဲ့အောက်မှာ သူ့အသံဟာ ဖုံးလွှမ်းသွားခဲ့ရတယ် ။

မြေကြီးအနည်းငယ်ဖို့ပြီးတဲ့အခါမှာ လယ်သမားဟာ ရေတွင်းထဲကိုငုံ့ကြည့်လိုက်တယ် ။ သူ မြင်လိုက်ရတာကိုကြည့်ပြီး လယ်သမားဟာ အလွန်အမင်း အံ့သြတုန်လှုပ်သွားခဲ့ရတယ် ။ မြေကြီးတွေ ရေတွင်းထဲ ဖို့ဖို့ ပစ်ချလိုက်တဲ့အခါတိုင်း မြည်းဟာ သူ့ကျောပေါ်တင်လာတဲ့ မြေကြီးတွေကိုခါထုတ်ပြီး အဲဒီမြေကြီးတွေပေါ်ကို နင်းလို့ အပေါ်ကို တက်တက်လာတာကိုတွေ့လိုက်ရလို့ဖြစ်ပါတယ် ။ လယ်သမားဟာ တုန်လှုပ်သွားပြီးမြေကြီးတွေကို ဆက်ဖို့စေခဲ့တယ် ။

လူတိုင်းလူတိုင်းဟာ ကျောပေါ်တင်လာတဲ့မြေကြီးတွေကို ခါထုတ်ပြီး အပေါ်ကို တဖြည်းဖြည်း မြင့်တက်လာနိုင်တဲ့ မြည်းရဲ့လုပ်ရပ်ကို အံ့သြတုန်လှုပ်နေခဲ့ရပါတယ် ။ ဒီလိုနဲ့နောက်ဆုံးမှာ မြည်းဟာ သူ့ကျောပေါ်ရောက်လာတဲ့ မြေကြီးတွေကို ခါထုတ် အဲဒီမြေကြီးတွေအပေါ် နင်းလို့ တွင်းနှုတ်ခမ်းဝကနေ အပြင်ကို အောင်အောင်မြင်မြင်နဲ့ရောက်ရှိသွားပါတယ် ။

#####################################

ဘ၀ကို ဖြတ်သန်းတဲ့အခါ မြေကြီးလိုမျိုး ဒုက္ခ တွေ အခက်အခဲတွေ နဲ့ ပင်ပန်းနွမ်းနယ်မှုတွေ လောကဓံတွေ ကိုယ့်ကျောပေါ်မှာ ခါးဆီးခံရတာ အမှန်တရားပါပဲ ။ ကျွန်တော်တို့လုပ်ဖို့က ကိုယ့်ကျောပေါ် တင်လာတဲ့ လောကဓံနဲ့ ဒုက္ခတွေကို ခါချပစ်လိုက်ဖို့ပဲ ။ ဒုက္ခတစ်ခုချင်းဆီကို ဖြတ်နင်းပြီး အောင်မြင်မှု တွင်းနှုတ်ခမ်းဝဆီကို လှမ်းတက်နိုင်ဖို့ပဲလိုတယ် ။ ဘယ်လောက်ကြီးပဲ ဆိုးရွားတဲ့ ဒုက္ခတွေ ဖြစ်ပါစေ လက်လျော့လိုက်ဖို့ ဘ၀ကို ရပ်တန့်လိုက်ဖို့ မဆုံးဖြတ်ပါနဲ့ ။ အရာရာတိုင်းမှာ ထွက်ပေါက်ဆိုတာ ရှိပါတယ် ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့ ။ အရာအားလုံးကို ကိုယ့်ကျောပေါ်ကနေ ခါထုတ်လိုက်ပြီးတဆင့်ချင်းစီ လှမ်းတက်သွားလိုက်ပါ ။

သက်တန့်ချို
Feb 8-2012
source: သက်တန့် ချို Facebook မှ 

Saturday, November 3, 2012


Wednesday, July 25, 2012

မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု


မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု Details Category: နည်းပညာ Published on Tuesday, 24 July 2012 19:05 Written by ညိုလင်းထွန်း Hits: 1294 မြန်မာ နိုင်ငံမှာရှိတဲ့ လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိ သူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။ (၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ (၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။ (၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါ တယ်။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ (၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ defult code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။။။။။။ မိုဘိုင်းလ် ဖုန်းတစ်လုံးအား ကျွန်းကျင်စွာ ကိုင်တွယ်နိုင်ပါစေ။ (ညိုလင်းထွန်း) Next >

Tuesday, July 10, 2012

လေဖြတ်ခြင်းကို ကာကွယ်နိုင်မယ့် ရေနွေးကြမ်း


လေဖြတ်ခြင်းကို ကာကွယ်နိုင်မယ့် ရေနွေးကြမ်း ..... Tuesday, July 10, 2012 အိမ့်သံစဉ် No comments ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများ ငယ်စဉ်တည်း ကသောက်ခဲ့ကြသည်။ နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင် ရှိခဲ့သည်။ ဧည့်သည် လာလျှင် ရေနွေးကြမ်းအရင်ချ ပေးသည်။ ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း။ လျှာ တွင်အရသာတွေ့သည်မှာ မွေးက တည်းက၊ လူမှန်းစသိကတည်းက အဖိုး၊ အဘတို့နှင့် သောက်ခဲ့ သော 'အခါးရည်' လည်းကောင်း၊ 'အဖန်ရည်' ဟုလည်းကောင်း ခေါ်ကြသည် ရေနွေးကြမ်းးကို သာကြိုက်ပါသည်။ တစ်ကယ်တော့ ထမင်းစား ပြီးလျှင် သို့မဟုတ် အစာများများ စားပြီးလျှင် အချိုရည်သောက် သူနှင့် ရေနွေးကြမ်းသောက် သူတို့မှာ ကျန်းမာရေးရှုထောင့်မှ ကြည့်လျှင် အစာအိမ်သက် တမ်းရှည်မှု မတူညီကြ ပါ။ တိုင်းရင်းဆေးပညာရှုထောင့် တွင်ဖြစ်စေ၊ အိန္ဒိယမှလာသော အာယုဗေဒဆေး ပညာတွင်ဖြစ်စေ အစာစားပြီးလျှင် အစာကြေဖို့အတွက် 'ဝမ်းမီး'လိုသည်။ 'ဝမ်း မီး'ကိုဒေသန္တရ ဆေးပညာ တွင် 'ပါစကတေဇော' ဟုလည်း ခေါ်သည်။ 'ဝမ်းမီး'မှာ ဝမ်းထဲမှမီးဖြစ် သည်။ ရေအေးနှင့်လောင်းလျှင် မီးငြိမ်းသွား မည်ဖြစ်သည်။ 'ပါစကတေဇော'သည် စာကိုလောင်မြိုက်ပြီး ကြေကျက် အောင်ချက်ပြီးသော တေဇော ဖြစ်၍ပူသော တေဇော (ဥဏှတေ ဇော)ဖြစ်ပြန်သည်။ ပူသော တေဇော၏ ဆန့်ကျင်ဘက်မှာ အေးသောတေဇော (သီတတေ ဇော) ဖြစ်သည်။ အေးသောရေ၊ ရေခဲရေ၊ အချိုရည်တို့မှာ အေး သောအရသာရှိသဖြင့် 'သီတ' အစာဖြစ်သည်။ အစာကြေစေသော အပူဆန့်ကျင်ဘက်လောင်း ထည့်လိုက်လျှင်မည်သို့ဖြစ်မည် နည်း ရှင်းပါသည်။ အစာမကြေ နိုင်တော့။ မကြေသည့်အပြင် ပါစကတေဇော ပျက်မည်ဖြစ်လေ သည်။ ပူလိုက်အေးလိုက်ဖြစ်ပါ များလျှင် အစာအိမ်ပျက်စီးသည်။ အစာအိမ်ပျက်စီးလျှင် ရောဂါ တစ်ခုခုရမည်မှာ သေချာသည် ရနိုင်သောရောဂါများမှာ- (၁)အစာမကြေရောဂါ (၂)အစာအိမ်ရောင်ရောဂါ (၃) အချဉ်ပြန်ရောဂါ (၄)အစာအိမ်အချဉ်ပေါက်ရောဂါ (၅) အစာအိမ်အနာပေါက်ခြင်း (၆) အစာအိမ်ကင်ဆာ စသော ရောဂါများဖြစ်နိုင်လေသည်။ ရိုးရာဆေးပညာ၊ အာယု ဗေဒ ဆေးပညာအလိုအရ 'ရောဂါ မှန်သမျှသည် အစာမကြေမှစ သည်' ဟုဆိုသည်။ အနောက်တိုင်းဆေးပညာများ တွင် မကြာသေးမီကမှ ဖတ်လိုက် ရသည်မှာ အစာစားပြီး အချိုရည် နှင့်သံဗူးများ၊ ဂက်စ်ပါသော အချိုရည်သောက်သုံးလေ့ရှိသူများမှာ စားထားသမျှထဲမှ အဆီဖတ် များကို အေးပြီးခဲအောင် ပြုလုပ် လိုက်သဖြင့် ချေဖျက်ရန်ခက်ခဲပြီး 'ဆီးချို”ရောဂါဖြစ်ဖို့ လမ်းစ ဖြစ်လာနိုင် သည်။ ထို့အပြင် ထို အက်ဆစ်ဖတ်များ ကိုအဟာရအဖြစ် အူသိမ်မှ စုပ်ယူရာမှ သွေးကြော များအတွင်း ရောက်ရှိပြီး သွေး တွင်းအဆီ ထုတက် လာလေသည်။ သွေးတွင်း အဆီထုတက်လာသူ များမှာ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါများ ခံစားရလေ့ရှိပြီး အခန့်မသင့်သော တစ်နေ့တွင် အဆီခဲ ပတ်ထွက်မျောပါသွားပြီး ဦးနှောက်အတွင်းသို့ရောက်ရှိပြီး ရုတ်တရက် မူးပြီးလဲကျခြင်း၊ ဦး နှောက်အတွင်း သွေးခဲပိတ်၍ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊ လေဖြတ်ခြင်းများ ပါဖြစ်နိုင် သည်။ စာရေးသူလေဖြတ်သူများကို နှစ်ပေါင်း(၂ဝ)ကျော်ကုသလာခဲ့သည့် အတွေ့ အကြုံများအရလည်း လေ ဖြတ်သူ အတော် များများမှာ ဆီးချို နှင့်သွေးတိုး ရောဂါရှိခဲ့ကြပြီး ရေခဲ ရေ၊ အချိုရည်ကို ထမင်းစားပြီးတိုင်း သောက်လေ့ ရှိသူများဖြစ် သည်ကို တွေ့ရပြန်ပါသည်။ ရေနွေးကြမ်းနှင့်ပတ်သက်ပြီး ပြန်လည် ကောက်ချက်ချ ရမည်ဆို လျှင် ကျေးလက်တော ရွာများ တွင်၊ မြို့ကြီး ပြကြီးများ၌နေ ထိုင်သူများ လောက် လေဖြတ်သူမများရခြင်း အကြောင်းအရင်း များတွင် ရေနွေးကြမ်း သောက် သောဓလေ့ သည်လည်း တစ်ခု အပါအဝင်ဖြစ်နိုင်ပါသည်။ တော နယ်များတွင် ဆင်းရဲသား လယ် သမား၊ ယာသမားများဘဝတွင် အချိုရည်၊ ရေခဲရည်လည်း မသောက်နိုင်ကြပါ။ တရုတ်ပြည်မှ ရှေးနှစ်ပေါင်း များစွာ(အေဒီ-၆ဝဝ)ကျော်က တည်းက ဆူပွက်သောရေနွေး ထဲသို့ သစ်ရွက်ကြွေကကျရာမှ စတင်ခဲ့သော လဘက်ခြောက်ခတ် သောက်သောဓလေ့ကြောင့် အာရှ နှင့် အရှေ့တောင်ဥရောပနိုင်ငံ များတွင် အစာအိမ်နှင့်အူမကြီး ကင်ဆာဖြစ်သူ နည်းပါးသည်။ ဥရောပနိုင်ငံများမှာအဖြစ်များသော ကင်ဆာသည် အရှေ့တောင် အာရှရှိ ရေနွေမ်းကြမ်းသောက် သောနိုင်ငံများတွင် ဖြစ်ပွားမှုရာ နှုန်းနည်းသည်ကို လေ့လာတွေ့ ရှိကြသည်။ လေဖြတ်ခြင်းသည် လူမ သေသော် လည်း ဘဝဆုံးရသော ရောဂါမျိုးဖြစ်သည်။ စီးပွား ရေးအရလည်း မိသားစုတစ်ခုလုံး ငွေကုန်ကြေး ကျများပြီး နှစ်ရှည် လများထိခိုက်စေသောရောဂါ ဖြစ်သည်။ လေမဖြတ်အောင် ကြိုတင်ရှောင်ကြဖို့လိုသည်။အမှန်တော့ လေဖြတ်ခြင်းကို ကာကွယ်သည့်ဆေးဟူ၍ မရှိပါ။ သွယ်ဝိုက်သောနည်းဖြင့်သာ အကျိုးရှိနိုင်သောဆေးများကိုသာ ရောင်းနေကြခင်း ဖြစ်သည်။ လေ မဖြတ်အောင် နားရွက်နောက်မှ အကြောဖြတ်သူများလည်း တွေ့ ဖူးသည်။ အလွန်မှားသော လုပ်ရပ် ဖြစ်သည်။ နားကြောဖြတ်ပြီးမှ လေဖြတ်လာသူကို လက်တွေ့ကြုံဖူးပါသည်။ သတ္တုစပ်လက် ကောက်တစ်မျိုးကို နိုင်ငံခြားမှ လာသည့် လေမဖြတ်သည့်လက်ကောက်၊ ဤလက်ကောက်ကို ဝတ်ထားလျှင် သွေးမတိုးနိုင်ဟု ညာရောင်း နေခြင်းများလည်း ရှိသည်။ ( လေဖြတ်ခြင်းမှ ကာကွယ် နိုင်သော နည်းလမ်းကောင်း တစ်ခုကိုညွှန် ပြပါဆိုလျှင် 'ရေနွေးကြမ်း' တစ် ခွက်ကိုပင် ညွှန်ပြလိုပါသည်။) သင် လေဖြတ်ခြင်းမှကာကွယ်သော ဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီး တိုင်း ရေနွေးကြမ်း တစ်ခွက် သောက်ပါ။ အစာစားပြီး တိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက် ရေနွေးကြမ်း သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကို လည်း ကာကွယ်ပြီး သွေးတွင်းအဆီကျ စေသည့်အပြင်လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေး ကျနည်းသော ဆေးကောင်းဖြစ် ကြောင်းရေးသားလိုက်ရပါသည်။ SHADE Journal

Monday, July 9, 2012

Ven Ravika ၏ ဖေ့စ်ဘွတ်ခ်ဆောင်းပါး ၃ ပုဒ်

Ven Ravika ၏ ဖေ့စ်ဘွတ်ခ်ဆောင်းပါး ၃ ပုဒ် ဒီမိုကရေစီနှင့် မိမိကိုယ်ကို ဆောက်တည်မှု (Democracy vs Personal Autonomy) Ven Ravika (July 6) ဒီမိုကရေစီကို Majority Rule ဟု စာရေးသူက ရည်ညွန်းဖန်များသည်။ ဒီမိုကရေစီဆိုသည် Rule by the people ဖြစ်၍ ဆိုရခြင်းဖြစ်သည်။ ဒီမိုကရေစီကို အာဏာရှင်တို့က ချုပ်ကိုင်ထား၍ မရပါ။ ပြည်သူတွေက ဒီမိုကရေစီကို အမှန်တကယ် လိုလားလျှင် အာဏာရှင်တို့က မဟန့်တားနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အာဏာအစစ်အမှန်က အာဏာရှင်တို့၏ လက်ထဲ၌ အမှန်တကယ် မရှိပါ။ အာဏာက သူတို့လက်ထဲ၌ ရှိသည်ဟု အာဏာရှင်တို့က ပုံမှားရိုက်ထားသဖြင့် ဒီမိုကရေစီကို အာဏာရှင်တို့ထံတွင် ပြည်သူများက တောင်းဆိုနေခြင်းဖြစ်သည်။ အမှန်တွင် ပြည်သူတို့သည် သူတို့နှင့်တန်သော အစိုးရတရပ်ကို အမြဲတမ်း ရရှိနိုင်ကြသည်။ မိမိကိုယ်ကို ဆောင်တည်ခြင်းဟု ဆိုရာ၌လည်း မိမိကိုယ်ကို အုပ်ချုပ်တတ်ခြင်းကို ဆိုချင်သည်။ အာဏာသည် ပြည်သူတို့ထံ၌ တည်ရှိသည်ဖြစ်၍ ပြည်သူတို့ကိုယ်တိုင်က အစိုးရဖြစ်သည်။ ထို့ကြောင့် ပြည်သူတဦးချင်းသည် မိမိကိုယ်မိမိ အုပ်ချုပ်တတ်ဖို့ လိုသည်။ မိမိကိုယ်ကို မအုပ်ချုပ်နိုင်လျှင် မိမိကိုယ်တိုင်က အစိုးရကောင်းမဟုတ်တော့။ မိမိနေအိမ်၌ မိမိက အစိုးရကောင်းမဖြစ်လျှင် ပြည်ထောင်စုတွင်လည်း အစိုးရကောင်းတစ်ရပ် ပေါ်ထွန်းရန် မလွယ်ကူပါ။ မီးဖိုချောင်းတခုကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သော မိန်းမသည် နိုင်ငံတခု၏ သမ္မတကောင်းတဦးဖြစ်ရန် အရည်အချင်းရှိသည်။ လေ့ကျင့်ပျိုးထောင်ပေးလျှင် မလွဲဧကန် ဖြစ်မည်ဖြစ်သည်။ “အထူးသဖြင့် ပညာရေးအားနည်းနေသော မြန်မာနိုင်ငံတွင် လူမှုရေးဘာသာ Social Study အားနည်းနေသေး၍သာ အချင်းချင်း ရန်သူသဖွယ် ဆက်ဆံနေကြခြင်းဖြစ်သည်။ ကချင်မှာ ဖြစ်နေသည့် စစ်သည် ရန်လိုမုန်းတီးစိတ်ကို ဖြစ်စေသည်။ စစ်ခေါင်းဆောင်များမှာသာ လူမှုရေးဘာသာ လေ့လာမှု အားကောင်းခဲ့လျှင် အရှုံးသာရှိသည့် ဤစစ်ပွဲမျိုးကို တိုက်နေမည် မဟုတ်ပါ။” နိုင်ငံသားကောင်းတဦးအနေဖြင့် မိမိကိုယ်ကို ဥပဒေနှင့်အညီ အုပ်ချုပ်တတ်ဖို့ အရေးကြီးပုံကို ဆိုချင်သေးသည်။ အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံသားအတော်များများသည် သူတို့အစိုးရ ဘာလုပ်သည်ကို အမြဲမပြတ် စောင့်ကြည့်သည်၊ သူတို့အစိုးရ အကျပ်အတည်း ဖြစ်နေလျှင် မတန်တဆ အခွင့်အရေးများကို မတောင်းဆိုပါ၊ သူတို့အစိုးရ အလုပ်မလုပ်လျှင်လည်း သက်တမ်းတခုသာ ရုံးထိုင်နိုင်မည်ဖြစ်သည်၊ ဥပဒေကို လေးစားသလို ပြည်သူတဦးချင်း၏ အခွင့်အရေး၊ ပြည်နယ်များ၏ အခွင့်အရေး၊ ပြည်ထောင်စုအပေါ် သစ္စာစောင့်သိမှုတို့ကိုလည်း အကြွင်းမဲ့ နားလည်သူများ ဖြစ်ကြသည်။ ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် ဒီမိုကရေစီဖခင်နေရာကို ရရှိနေခြင်းဖြစ်သည်။ အကျဉ်းချုံးပြောရလျှင် အမေရိကန်ပြည်သူများသည် မိမိကိုယ်မိမိ အုပ်ချုပ်တတ်သူများ (Personal Autonomy) ရှိကြသူများဖြစ်သည်။ နိုင်ငံသားကောင်းများ များများ မွေးထုတ်နိုင်ရန် ဥပဒေကောင်းများ ရှိရသည်။ ယင်းဥပဒေကောင်းများ အသက်ဝင်အောင်လည်း ပြည်သူ့ဝန်ထမ်းများက လေးစားလိုက်နာသင့်သည်။ မြန်မာနိုင်ငံသည် ဥပဒေကောင်းရှိသည့် နိုင်ငံဖြစ်သည်။ မွန်လူမျိုးများသည် ဥပဒေအရာ ကျွမ်းကျင်ကြသည်။ သထုံဆိုသည်မှာ သုဓမ္မမှ ဆင်းသက်သည်။ ဥပဒေကောင်းရှိသည့် နိုင်ငံဟု ဆိုသည်။ မွန်တို့၏ ဥပဒေဖြင့် ပုဂံလက်နက်နိုင်ငံတော် (လက်နက်ဆိုသည်မှာ လက်နက်ဖြင့် တည်ဆောက်ခြင်းမဟုတ်) ကို တည်ထောင်နိုင်ခဲ့သည်။ ပုဂံပြည်တွင် မွန်တို့အင်အား မှေးမှိန်စပြုချိန် နရပတိစည်သူ (၁) လက်ထက်တွင် မွန်ဆရာတော် ဓမ္မဝိလာသမထေရ်ကို ဓမ္မသတ်ကျမ်းတဆူ ပြုစေ၍ အောက်ပြည်ကို သာသနာပြု စေလွှတ်ခဲ့သည်။ ထို့အတူ ဝါရီရူဓမ္မသတ်လည်း ထင်ပေါ်ကျော်ကြားသည်။ ဘုရင့်နော်ကျော်ထင်နော်ရထာသည် ထိုင်းကို အောင်မြင်ပြီးသည့်နောက် မွန်တို့၏ ဓမ္မသတ်ကို ကျင့်ကြံစေခဲ့သည်။ ထိုင်းနှင့် မွန်တို့သည် ဘုရင့်နောင်ကို မုန်းတီးကြခြင်း အလျဉ်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် အုပ်ချုပ်မှုကောင်းလျှင် ပြည်သူ့သားကောင်းများ ပေါ်ထွန်းလာရိုးသာဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံ သမိုင်းတွင် မင်းဆိုးမင်းညစ်များ ရှိခဲ့သလို မင်းကောင်းမင်းမြတ်များလည်း မနည်းလှပါ။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအရာ၌ မြန်မာတို့သည် အရှေ့တောင်အာရှ၏ စံပြဖြစ်ခဲ့ဖူးသည်ကို မမေ့အပ်ပေ။ လက်ရှိတွင်လည်း အရှေ့တောင်အာရှတွင် စံပြဖြစ်နိုင်သည့် နိုင်ငံရေးအဝန်းအဝိုင်းတခုကို ပိုင်ဆိုင်ထားသည်။ အရှေ့တောင်အာရှတွင် ပြည်ထောင်စုအမည်ခံနိုင်ငံမှာ မလေးရှားနှင့် မြန်မာသာရှိသည်။ ထိုတွင် ပြည်ထောင်စုအမည်ကို တတွင်တွင် သုံးနေသည့် နိုင်ငံမှာ မြန်မာသာဖြစ်သည်။ မြန်မာတွင် ကောင်းမွန်သည့် ဥပဒေ၊ ကောင်းမွန်သည့် အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ ကောင်းမွန်သည့် တရားစီရင်ရေးစနစ်၊ ကောင်းမွန်သည့် နိုင်ငံသားများ ရှိလျှင် အရှေ့တောင်အာရှတွင် နောက်တခါ ပြန်လည်ထွန်းတောက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပါ။ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်မှာ စစ်သားတိုင်း၊ ရဲတိုင်း၊ အရာရှိတိုင်း၊ ဥပဒေဝန်ထမ်းတိုင်း၊ တရားသူကြီးတိုင်း၊ ပြည်သူတိုင်းက မိမိကိုယ်ကို ဆောက်တည်နိုင်မှုကို ဆိုလိုစေချင်သည်။ ၂၀၀၈ ခု ဥပဒေမှာမျိုး စစ်ရာဇဝတ်ကောင်များကို အကာအကွယ်ပေးပြီး ပြည်သူများကို အသက်ရှူ၍ ရရုံလေး ဖိနှိပ်ထားသည့် ဥပဒေကဲ့သို့ မဖြစ်စေလိုပါ။” ထိုတွင် ကောင်းမွန်သည့် နိုင်ငံသားများ ရှိရန် ဟူသောအချက်သည် တိုင်းပြည်၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးသည့်အချက် ဖြစ်သည်။ ဒီမိုကရေစီစနစ်သည် Rule of the Laws by the people ဖြစ်ပြီး ပြည်သူ့သားကောင်းမှ စစ်သားကောင်းများ၊ ဝန်ထမ်းကောင်းများ၊ အမတ်ကောင်းများ၊ အစိုးရကောင်းများ ပေါ်ထွက်လာရ၍ ဖြစ်သည်။ အထူးသဖြင့် ပညာရေးအားနည်းနေသော မြန်မာနိုင်ငံတွင် လူမှုရေးဘာသာ Social Study အားနည်းနေသေး၍သာ အချင်းချင်း ရန်သူသဖွယ် ဆက်ဆံနေကြခြင်းဖြစ်သည်။ ကချင်မှာ ဖြစ်နေသည့် စစ်သည် ရန်လိုမုန်းတီးစိတ်ကို ဖြစ်စေသည်။ စစ်ခေါင်းဆောင်များမှာသာ လူမှုရေးဘာသာ လေ့လာမှု အားကောင်းခဲ့လျှင် အရှုံးသာရှိသည့် ဤစစ်ပွဲမျိုးကို တိုက်နေမည် မဟုတ်ပါ။ တပ်မတော်သားများကို ပြည်သူများက အခွန်ပေး၍ ပြည်သူတို့၏ အသက်အိုးအိမ်ကို စောင့်ရှောက်စေသည်။ ဝန်ထမ်းများကိုလည်း ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် အခွန်ဆောင်၍ ကျွေးထားရသည်။ ရဲဝန်ထမ်းများကိုလည်း ဥပဒေစိုးမိုးရေးအတွက် အခွန်ကြပ်မတ်၍ ထောက်ပံ့ထားရသည်။ ပြည်သူတို့သည် မိမိတို့ ငှားထားသော၊ ကျွေးထားသော၊ အကူအညီ ရယူရန် ဖွဲ့စည်းထားသော၊ လွယ်သည်လည်း ဖြစ်နိုင်သည် ခက်သည်လည်း ဖြစ်နိုင်သည် အချိန်မရွေး မိမိတို့ ဖြုတ်ပစ်နိုင်သော ဤဖောင်တိန်ကိုင် လက်နက်ကိုင် အဖွဲ့အစည်းများကို အဘယ်ကြောင့် စိုးရွံ့ကုန်သနည်း။ အရှင်းဆုံးအချက်မှာ မည်သူ့မှာမှ Personal Autonomy မရှိ၍ ဖြစ်သည်။ Personal Autonomy မရှိသူ့လက်ထဲ လက်နက်တပ်ပေးလိုက်လျှင် တိုင်းပြည်က ဘာဖြစ်သွားမလဲ၊ Personal Autonomy မရှိသည့် တရားသူကြီးလက်ထဲ ဖောင်တိန်တချောင်းနှင့် စာရွက်တရွက် ပေးခဲ့လျှင် ဘာဖြစ်သွားမလဲ၊ Personal Autonomy မရှိသည့် အရာရှိကို ခုံတလုံး ထိုးပေးလျှင် ဘာဖြစ်သွားမလဲ စဉ်းစားစရာတောင် မလိုပါ။ စစ်တပ်က ဓားပြလို သောင်းကျန်းမည်၊ ရဲဝန်ထမ်းများက ငတက်ပြားဂိုဏ်းဝင်များ ဖြစ်ကုန်မည်၊ အစိုးရအရာရှိများလည်း အရက်သမားအဆင့်ထက် မကျော်နိုင်ဖြစ်မည်၊ ပြည်သူတို့ကလည်း တန်သည်မတန်သည် သင့်သည် မသင့်သည် စဉ်းစားမနေတော့ဘဲ ဝမ်းစာရေးအတွက် လုပ်ချင်ရာလုပ်မည်ဆိုလျှင် Personal Autonomy မရှိတော့။ ဤကဲ့သို့ စည်းကမ်းမရှိသည့် နိုင်ငံတခုမှာ ဒီမိုကရေစီထွန်းကားအောင် မည်သို့လုပ်ရမည်နည်း။ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်မှာ စစ်သားတိုင်း၊ ရဲတိုင်း၊ အရာရှိတိုင်း၊ ဥပဒေဝန်ထမ်းတိုင်း၊ တရားသူကြီးတိုင်း၊ ပြည်သူတိုင်းက မိမိကိုယ်ကို ဆောက်တည်နိုင်မှုကို ဆိုလိုစေချင်သည်။ ၂၀၀၈ ခု ဥပဒေမှာမျိုး စစ်ရာဇဝတ်ကောင်များကို အကာအကွယ်ပေးပြီး ပြည်သူများကို အသက်ရှူ၍ ရရုံလေး ဖိနှိပ်ထားသည့် ဥပဒေကဲ့သို့ မဖြစ်စေလိုပါ။ ထို့ကြောင့် Personal Autonomy ကို လေ့လာသင့်သဖြင့် အကျယ်တဝင့် ရေးချင်သေးသည်။ ဤ၌ ဤမျှနှင့်သာ ရပ်ပါမည်။ ကိုယ်ပိုင်ပြဌာန်းခွင့် ရချင်လျှင် ... (Equality, Majority Rule and Personal Autonomy) Ven Ravika (July 5) ၃၈ ဖြာမင်္ဂလာတွင် နေရေးနှင့်ပတ်သက်၍ မင်္ဂလာ ၃ ပါး ရှိသည်။ သင့်တင့်သည့်အရပ်မှာ နေခြင်း၊ ပြုဖူးသည့် ကုသိုလ်ကံ ရှိခြင်း၊ ကိုယ်နှုတ်ကို ဆောက်တည်ခြင်းတို့ ဖြစ်သည်။ ကိုယ်နှုတ် ဆောက်တည်ခြင်းကို အတ္တသမ္မာပဏိဓိဟု ပါဠိက ဆိုသည်။ အောင်မြင်မှုသည် ကိုယ်နှုတ်ဆောက်တည်မှုနှင့် ဆိုင်သည်။ ဤနေရာတွင် ကိုယ်နှုတ်ဆောက်တည်မှုကို အင်္ဂလိပ်ဘာသာဖြင့် Personal Autonomy ဟု သုံးချင်သည်။ မည်သည့် ပြည်ထောင်စုနိုင်ငံ၊ မည်သည့် ဒီမိုကရေစီနိုင်ငံတွင်ဖြစ်စေ Personal Autonomy မရှိလျှင် အောင်မြင်ဖွယ်ရာ မရှိ။ အရင်းဆုံး မေးရလျှင် ဒီမိုကရေစီကို မည်သည့်အတွက်ကြောင့် လိုချင်ရသနည်း။ လွတ်လပ်မှု (Freedom)ကို တောင့်တ၍ ဖြစ်သည်။ လွတ်လပ်မှုဆိုသည်မှာလည်း Majority Rule ကို ကိုယ်စားပြုသည့် ယေဘုယျလွတ်လပ်မှု (General Freedom)နှင့် တန်းတူရေးကို ကိုယ်စားပြုသည့် ကိုယ်ပိုင်ပြဌာန်းခွင့် (Freedom of Self-determination) ဟူ၍ နှစ်မျိုးရှိသည်။ မည်သည့်လွတ်လပ်မှု (Freedom) ကိုမဆို မိမိကိုယ်ကို ထိန်းကျောင်းမှု (Moral Autonomy) မရှိလျှင် မရနိုင်ပေ။ မိမိကိုယ်ကို ထိန်းကျောင်းတတ်ဖို့ ကိုယ်နှုတ်ကို ဆောက်တည်ခြင်း (Personal Autonomy) လိုပြန်သည်။ မွေးရာပါအခွင့်အရေး (Intrinsic Rights) ကို တောင်းဆိုသည်ဟု ဆိုရာဝယ် မည်သူ့ဆီကို တောင်းဆိုသနည်း။ မွေးရာပါဆိုကတည်းက ထိုအခွင့်အရေး မိမိတွင် ရှိပြီသားဖြစ်သည်။ ထိုအခွင့်အရေးကို အာဏာရှိသူတို့ သိမ်းယူ၍ မရ။ မိမိက လက်လျှော့၍ ပေးအပ်မှသာလျှင် သူတို့က အလွဲသုံးစားပြုနိုင်ခြင်းဖြစ်သည်။ ထိုမွေးရာပါ အခွင့်အရေးကို သူတို့ဆီက တောင်းယူရန် မလို။ သူတို့ကလည်း မိမိတို့ကို ပေးစရာမရှိ။ သို့သော် လက်ရှိ မြန်မာနိုင်ငံရေးအခင်းအကျင်းသည် ဤသဘောတရားနှင့် ဖီလာဆန့်ကျင်နေသည်။ အစိုးရက အကြွင်းမဲ့ အာဏာပိုင်ဖြစ်၍ သူတို့ပေးမှ ရမည့်အသွင်ဆောင်နေသည်။ စာရိတ္တသီလဟု ဆိုအပ်သည့် Moral Autonomy အားကောင်းလျှင် အစိုးရဝန်ထမ်းများ၊ ဥပဒေဝန်ထမ်းများ၊ ပြည်သူပြည်သားများက ဥပဒေနှင့်အညီ နေထိုင်ကျင့်ကြံတတ်ကြရာ ဥပဒေစိုးမိုးရေးအတွက် အလွန်တရာ ကျေးဇူးပြုသည်။ ဥပဒေစိုးမိုးမှု ရှိမှသာ အထက်ဖော်ပြပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်သည်။ Majority Rule နှင့် Equality တို့ကို မပေးချင်သည့် အာဏာရှင်များက တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်နေခြင်းမှာ Moral Autonomy ပျက်စီးအောင် လုပ်ခြင်းဖြစ်သည်။ ဥပဒေစိုးမိုးမှု မရှိမှသာလျှင် အာဏာကို ရေရှည်ဆုပ်ကိုင်ထား၍ ရသောကြောင့်ဖြစ်သည်။ Moral and Personal Autonomy မရှိလျှင် အဓိကရုဏ်းလည်း ဖြစ်တတ်သည်။ အဓိကရုဏ်းဆိုသည်မှာ ပါသက်စကားလုံး ဖြစ်သည်။ Overdoing, Over-reaction, Riot စသည်ဖြင့် ပြန်နိုင်ပါသည်။ လိုအပ်သည်ထက် တုံ့ပြန်မှုကို အဓိကရုဏ်းဟု ဆိုနိုင်သည်။ ဥပဒေအရ မဟုတ်ဘဲ မိမိသဘောအရ ထင်ရာစိုင်းပြုမူခြင်းကို အဓိကရုဏ်းဟု ဆိုရသည်။ အာဏာရှင်တို့သည် ပြည်သူတို့၏ ရင့်ကျက်မှု၊ ဆောက်တည်မှု၊ ထိန်းကျောင်းမှုအားကို အဓိကရုဏ်းဖြင့် သွေးတိုးစမ်းလေ့ရှိကြသည်။ Moral Autonomy မရှိ၍ Personal Autonomy မရှိ၊ Personal Autonomy မရှိ၍ Rule of laws မရှိ၊ Rule of the laws မရှိ၍ Freedom ဆုံးရှုံးရသည်။ “မွေးရာပါဆိုကတည်းက ထိုအခွင့်အရေး မိမိတွင် ရှိပြီသားဖြစ်သည်။ ထိုအခွင့်အရေးကို အာဏာရှိသူတို့ သိမ်းယူ၍ မရ။ မိမိက လက်လျှော့၍ ပေးအပ်မှသာလျှင် သူတို့က အလွဲသုံးစားပြုနိုင်ခြင်းဖြစ်သည်။ ထိုမွေးရာပါ အခွင့်အရေးကို သူတို့ဆီက တောင်းယူရန် မလို။ သူတို့ကလည်း မိမိတို့ကို ပေးစရာမရှိ။ သို့သော် လက်ရှိ မြန်မာနိုင်ငံရေးအခင်းအကျင်းသည် ဤသဘောတရားနှင့် ဖီလာဆန့်ကျင်နေသည်။ အစိုးရက အကြွင်းမဲ့ အာဏာပိုင်ဖြစ်၍ သူတို့ပေးမှ ရမည့်အသွင်ဆောင်နေသည်။” အထူးသဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုသော ပြည်ထောင်စုဝင် ပြည်နယ်သားများသည် မိမိကိုယ်ကို မိမိဘာသာထိန်းကျောင်းနိုင်မှု Moral Autonomy ရှိရန် အလွန်လိုအပ်သည်။ မိမိကိုယ်ကို ထိန်းကျောင်းတတ်မှသာလျှင် မိမိကံကြမ္မာကို မိမိဘာသာ ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ သို့မှသာ ကိုယ်ပိုင်ပြဌာန်းခွင့် (self-determination) နှင့် တန်သည်။ အစိုးရသည် ဤအချက်ကို ကိုင်၍ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုချက်များကို လျစ်လျူရှုတတ်သည်။ အဘယ်ကြောင့်ဆိုသော် self-determination ဟု ဆိုရာဝယ် အများနှင့်ဆိုင်သည့် ပြဌာန်းခွင့်ဖြစ်သည်။ မိမိကိုယ်ကို မထိန်းကျောင်းနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြည်နယ်များသည် ပြည်ထောင်စုကို တာဝန်ခံရာ၌ များစွာ ခက်ခဲစေမည်ဖြစ်သည်။ မိမိ၏ အကျိုးစီးပွားကိုလည်းကောင်း၊ မိမိပြည်နယ်၏ အကျိုးစီးပွားကိုလည်းကောင်း၊ ပြည်ထောင်စု၏ အကျိုးစီးပွားကိုလည်းကောင်း ကာကွယ်တတ်ရန်၊ ကြီးပွားစေရန် လွန်စွာလိုအပ်လှ၏။ ထို့ကြောင့် ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆိုနေသော ပြည်ထောင်စုဝင် ပြည်နယ်များသည် မိမိတို့လူမျိုးကို ပညာပေးခြင်း၊ လေ့ကျင့်ပျိုးထောင်ခြင်း၊ ဥပဒေစိုးမိုးအောင် ရဲတပ်ဖွဲ့အင်အားထားရှိခြင်း၊ အုပ်ချုပ်ရေးကို ကြပ်မတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများကို အစဉ်တစိုက်လုပ်သင့်သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လုပ်နေသည်ဟုဆိုသော အစိုးရသည် အပစ်ရပ်တိုင်းရင်းသားများကို Moral Autonomy ရှိဖို့၊ Self-determination အတွက် အဆင်သင့်ဖြစ်ဖို့ အခြေခံအုပ်ချုပ်ရေးအဆောက်အဦများကို ယခုကတည်းကပင် အကူအညီပေးသင့်ပြီဖြစ်သည်။ ဒါမှသာ စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို မှန်ကန်စွာ အကောင်အထည်ဖော်ရာ ရောက်သည်။ တန်းတူရေး ရှိမှသာ ပြည်ထောင်စုမှာ နေရတာ တန်မည် (Intrinsic Equality vs. Majority Rule) Ven Ravika (July 5) လူများစု အုပ်ချုပ်ရေးကို ဒီမိုကရေစီဟု ယေဘုယျအားဖြင့် သတ်မှတ်ရသည်။ လူမျိုးတိုင်းမှာ အခွင့်အရေး ညီတူညီမျှရှိသည်ကို တန်းတူရေးဟု ဆိုရသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးနေသည့် ပြည်ထောင်စုနိုင်ငံတခုမှာ ဒီမိုကရေစီစံနှုန်းရှိသည့် လူမျိုးတန်းတူရေး ရှိဖို့ ညှိရသည်။ သို့မှသာ ဒီမိုကရေစီအသီးအပွင့်ကို ပြည်သူတိုင်း ခံစားနိုင်ပြီး လူမျိုး၊ ဘာသာစကားကို အကြောင်းပြု၍ ဒုတိယတန်းစား နိုင်ငံသားများ မရှိတော့သည့် တန်းတူအခွင့်အရေးကို ရရှိနိုင်မည်ဖြစ်သည်။ ရိုးရိုးပင် တွေးကြည့်ပါ။ အသင်းအဖွဲ့တခုတွင် အသင်းဝင်များကို ခွဲခြားဆက်ဆံလျှင် ရေရှည်သွား၍ မရပါ။ ပြည်ထောင်စုတခုမှာလည်း အုပ်စုတခုက အခြားအုပ်စုများကို အနိုင်ကျင့်နေလျှင်၊ လူမျိုးတမျိုးက အခြားလူမျိုးများကို နိုင်ထက်စီးနင်း ပြုမူနေလျှင် ပြိုကွဲဖို့သာ ရှိသည်။ လူမျိုးတိုင်း အတူနေ၍ ရအောင် မူများ၊ စည်းကမ်းချက်များ၊ ဥပဒေများ၊ ပေါ်လစီများ၊ လုပ်ဆောင်ချက်များ ညီတူညီမျှ ချမှတ် အကောင်အထည်ဖော်ရပါမည်။ ဒီမိုကရေစီစနစ်သည် ယင်းလိုအပ်ချက်များ၏ အခြေခံဖြစ်သည်။ ယင်းလိုအပ်ချက်များအပေါ် လွှမ်းမိုးမှု မရှိရပါ။ တန်းတူရေးဟုဆိုရာ၌ လူမျိုးတမျိုးက ကြက်ဆီထမင်း ကြိုက်၍ ပြည်ထောင်စုတဝန်းလုံးမှာ ကြက်ဆီထမင်း ချက်စေပြီး ညီတူညီမျှ စားသောက်စေသည်ကို ဆိုလိုခြင်းမဟုတ်ပါ။ မိမိတို့အိမ်မှာ မိမိတို့ ကြိုက်သည့် ဟင်းရမယ်များကို မိမိတို့ ကြိုက်သည့်နည်းဖြင့် ဖွယ်ဖွယ်ရာရာ ချက်ပြုတ်စားသောက်နိုင်သည်ကို ဆိုလိုသည်။ လူမျိုးတိုင်းမှာ အကြိုက်ကိုယ်စီ ရှိကြ၍ တန်ဖိုးမတူကြပါ။ တန်းတူရေးသည် ယင်းအကြိုက်နှင့် တန်ဖိုးကို အလေးထားသည်။ ယင်းအကြိုက်နှင့် တန်ဖိုးကိုလည်း ပြည်ထောင်စုက သာစေနာစေ ဆရာကြီး ဝင်လုပ်စရာ မလို။ ဆရာကြီး ဝင်လုပ်မည့်အစား ယင်းအကြိုက်နှင့် တန်ဖိုးများကို ပြည်ထောင်စု၏ အမွေအနှစ်များအဖြစ် သတ်မှတ်ရသည်။ အကြိုက်နှင့် တန်ဖိုး မတူသူများ အတူယှဉ်တွဲနေထိုင်၍ ရသော ဝန်းကျင်တခုကို ညှိနှိုင်းပေးရသည်။ ဤသည်မှာ ပြည်ထောင်စု၏အလုပ် ဖြစ်သည်။ ပြည်ထောင်စု၏အလှသည် အရောင်အသွေးပေါင်း စုံလင်၏။ တရောင်တည်း ခြယ်ရန် မဟုတ်။ ပြည်ထောင်စု၏ သင်္ကေတသည် ကြယ်တလုံးတည်း မဟုတ်၊ ကြယ်တာရာအပေါင်း ခညောင်းသည့် ည ဖြစ်သည်။ ပြည်ထောင်စုကို တရောင်တည်းခြယ် ကြယ်တလုံးတည်း ထားလျှင် စိတ္တဇဆန်လှ၏။ ရင့်ကျက်မှုမရှိ။ အတူယှဉ်တွဲနေထိုင်ရေးကို တန်ဖိုးမထား။ ဗမာမှုပြုခြင်းသာဖြစ်၏။ ပြည်ထောင်စုစိတ်ဓာတ် ရှိခဲ့လျှင် ဤစိတ်နေစိတ်ထားကနေ စပြင်ရပါမည်။ ထိုသို့ ပြင်မှသာ ဗမာလူမျိုး၏ ကြန်အင်လက္ခဏာ အစစ်အမှန်လည်း ပေါ်လာစရာရှိသည်။ အခြားလူမျိုးများလို ပြည်နယ်တခု ရပြီး တန်းတူရေးအသီးအပွင့်ကို အတူတူ ခံစားနိုင်မည်ဖြစ်သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအဆက်ဆက်သည် တန်တူးရေးနှင့်ပတ်သက်၍ နည်းအမျိုးမျိုးဖြင့် ရှောင်လွှဲခဲ့ကြသည်။ ပါလီမာန်ခေတ်တွင် ပြည်နယ်ပြည်မ ခွဲခြားခြင်းဖြင့် တန်တူရေးကို သေးသိမ်စေခဲ့သည်။ တော်လှန်ရေးကောင်စီ တက်လာပြီးနောက် မဆလခေတ်တွင် တိုင်းနှင့် ပြည်နယ် ၁၄ ကို ဖန်တီးခြင်းဖြင့် တန်းတူရေးကို ပြက်ရယ်ပြုခဲ့ပြန်သည်။ နဝတ၊ နအဖ၊ ကြံ့ခိုင်ရေးအစိုးရခေတ်တွင်လည်း ပြည်ထောင်စုနိုင်ငံဖြစ်သော်လည်း ကြယ်တပွင့်ထားခြင်းဖြင့် တန်းတူရေးကို အသိအမှတ်မပြုခဲ့ချေ။ ဤမှားယွင်းသော အတွေးအခေါ်များကို မပြင်သေးသရွေ့ တန်းတူရေး မရှိနိုင်၊ တန်းတူရေး မရှိသေးသရွေ့ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်၊ ပြည်တွင်းစစ် မငြိမ်းသေးသရွေ့ ပြည်ထောင်စုကြီး သာယာဝပြောအောင် မလုပ်နိုင်ပေ။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အစိုးရက ပြည်နယ်များသည်လည်း ပြည်ထောင်စုငယ်များ ဖြစ်ကြသည်ဟု ဆိုလေ့ရှိသည်။ ပြည်ထောင်စုတွင် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ မျိုး ရှိသည်ဟု ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ သို့သော် ယင်းလူမျိုးပေါင်း ၁၃၅ မျိုးတို့၏ တန်းတူအခွင့်အရေးကို မပေးဘဲ ထို ၁၃၅ မျိုး၏ ပင်မလူမျိုး ၈ မျိုးကို ချုပ်ကိုင်ထားခဲ့သည်။ ဗမာ အပါအဝင် မည်သည့်လူမျိုးမှ မလွတ်လပ်တော့ပါ။ အမှန်တွင် အမျိုးသားပြည်နယ် အနည်းဆုံး ၈ ခုတွင် ယင်းလူမျိုးပေါင်း ၁၃၅ မျိုးတို့သည် တန်းတူရေးအပြည့်အဝဖြင့် နေထိုင်နိုင်မျှသာလျှင် စစ်မှန်သော ပြည်ထောင်စု ဖြစ်နိုင်သည်။ ပြည်ထောင်စုကြီးက အလှသွေးကြွယ်၍ တင့်တယ်ပါမည်။ ဥပမာအားဖြင့် မွန်ပြည်နယ်တွင် မွန်၊ ဗမာ၊ ပအိုဝ်း၊ ကရင်၊ ထားဝယ်နှင့် ဧည့်နိုင်ငံသား တရုတ်၊ ကုလား အစရှိသည်ဖြင့် နေထိုင်ကြသည်။ ဧည့်နိုင်ငံသား တရုတ်ကုလားများသည် မွန်ပြည်နယ်သားများ ဖြစ်လာကြမည်ဖြစ်သည်။ မွန်ပြည်နယ်လွှတ်တော်တွင် တိုင်းရင်းသားကိုယ်စာလှယ်များ မရရှိနိုင်သော်လည်း မိမိကြိုက်ရာ အမတ်များကို မဲပေးပိုင်ခွင့် ရှိမည်ဖြစ်သည်။ ဗမာ အစရှိသော ကျန်တိုင်းရင်းသားများမှာ မွန်ပြည်နယ်ပါလီမန်တွင် အမတ်အဖြစ် ဝင်ရောက်အရွေးခံနိုင်ကြသည်။ ဤလူမျိုးပေါင်းစုံရှိသော မွန်ပြည်နယ်လွှတ်တော်မှ ဥပဒေများ ပြုကာ မွန်ပြည်နယ်သူပြည်နယ်သားတို့ ရွေးချယ်တင်မြှောက်သော မွန်ပြည်နယ်အစိုးရက မွန်ပြည်နယ်ကို စီမံအုပ်ချုပ်ရသည်။ မွန်ပြည်နယ်ရှိ မွန်ပြည်နယ်အမတ်များသည် ဒီမိုကရေစီရေးနှင့် တန်းတူရေးတန်ဖိုးကို သိရှိနားလည်ပြီဖြစ်၍ ပြည်ထောင်စုကို တာဝန်ခံရာ၌ ဒီမိုကရေစီရေးနှင့်တန်းတူရေးကိစ္စရပ်များကို လွယ်လင့်တကူ လိုက်နာကျင့်သုံးနိုင်မည် ဖြစ်သည်။ ထိုနည်းတူစွာ ဗမာပြည်နယ်သည် အင်အားအကောင်းဆုံး ပြည်ထောင်စုအဖွဲ့ဝင် ဖြစ်လာမည်မှာ သေချာလှသည်။ ထိုဗမာပြည်နယ်တွင်လည်း မွန်ပြည်နယ်တွင်ကဲ့သို့ ဒီမိုကရေစီရေးနှင့် လူမျိုးတန်းတူရေးကို အခြေခံရမည်ဖြစ်သည်။ ဗမာပြည်နယ်ပါလီမန်တွင် လူမျိုးပေါင်းစုံ ပါဝင်မည်ဖြစ်ရာ အရောင်အသွေး စုံလင်လှ၏။ ဗမာပြည်နယ် အုပ်ချုပ်ရေးမှူး (သို့) ဗမာပြည်နယ် ဝန်ကြီးချုပ် ဖြစ်ဖူးသူသည် ပြည်ထောင်စုသမ္မတ ဖြစ်ဖို့ ရာခိုင်နှုန်း များသည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ စံပြဖြစ်လာမည်မှာ သေချာလှသည်။ ဗမာစာ၊ ဗမာစကား၊ ဗမာ့ယဉ်ကျေးမှုသည် သီးသန့်ရှင်သန်ဖွံ့ထွားလာမည်ဖြစ်ရာ ဗမာ့တက္ကသိုလ်များသို့ တိုင်းရင်းသားပေါင်းစုံ လာရောက် လေ့လာကြမည်ဖြစ်သည်။ ဗမာပြည်နယ်သည် အခြားပြည်နယ်များ၏ ဝန်ထုပ်ဝန်ပိုးများကို သယ်စရာမလိုတော့ဘဲ ပေါ့ပေါ့ပါးပါးဖြင့် နေနိုင်ကြမည်ဖြစ်သည်။ အပြစ်ကင်းသည့် ဗမာများကို ပြည်ထောင်စုသားတိုင်း လေးစားအတုခိုး ဂုဏ်ယူနေကြပါမည်။ ဤသို့ဖြင့် ပြည်နယ်တိုင်းမှာ Intrinsic Value မွေးရာပါ ကိုယ်ပိုင်တန်ဖိုးကို မြှင့်တင်နိုင်ကြသည်။ တိုင်းရင်းသားများ တောင်းဆိုနေသည့် ကိုယ်ပိုင်ပြဌာန်းခွင့်သည် ဤ Intrinsic Value ကို အခြေခံသည့် Intrinsic Equality သဘောမျိုးဖြစ်ကြောင်း တွေ့ရသည်။ မိမိကံကြမ္မာကို မိမိကိုယ်တိုင် ဖန်တီးခွင့်ရရှိရေးပင် ဖြစ်သည်။ ပြဿနာမှာ ဤ Intrinsic Value သတ်မှတ်သည့်နေရာတွင် တပ်မတော်အသိုင်းအဝိုင်း၊ အစိုးရအသိုင်းအဝိုင်း၊ ဒီမိုကရေစီအသိုင်းအဝိုင်းနှင့် တိုင်းရင်းသားအသိုင်းအဝိုင်းတို့ကြား ကွာဟမှုများ ရှိနေကြခြင်းဖြစ်သည်။ ဤမွေးရာပါတန်းတူရေးသည် ဒီမိုကရေစီစံနှုန်းနှင့် ဆီလျော်မှသာလျှင် ဗဟုဝါဒီများက လက်ခံနိုင်ဖွယ်ရာရှိသည်။ လောလောဆယ်တွင် ပင်လုံထက် ကျယ်ပြန့်သော ညီလာခံကို ကျင်းပပေးမည်ဟု အစိုးရက ကျေညာခဲ့သော်လည်း Intrinsic Equality နှင့် ပတ်သက်၍ မည်မျှလိုက်လျောနိုင်မည်ကို မည်သည့်အဖွဲ့ကမှ ပွင့်လင်းမြင်သာမှု မရှိကြသေးချေ။ ဥပမာ Intrinsic Equality ကြောင့် ပြည်ထောင်စုတွင် လူဦရေးအများဆုံးဖြစ်သည့် ဗမာများ နစ်နာစရာ ရှိသည်။ ကရင်ပြည်နယ်တွင် လူများစု ကရင်များ နစ်စနာစရာ ရှိသည်။ ကချင်ပြည်နယ်တွင် လူများစု ကချင်များ နစ်နာစရာ ရှိသည်။ ထိုသို့ မနစ်နာရအောင် ဥပဒေပြုရေးကို Majority Rule အရ အောက်လွှတ်တော် (သို့) ပြည်သူ့လွှတ်တော်မှာ ထားရှိသင့်ခြင်းဖြစ်သည်။ ဤသည်မှာ ဒီမိုကရေစီစံနှုန်းကို ကာကွယ်ထားခြင်းဖြစ်သည်။ Majority Rule ကြောင့် Intrinsic Values များ ယုတ်လျော့မသွားအောင်၊ ပြည်ထောင်စုပီသအောင် ပြည်သူ့လွှတ်တော်က ပြုစုခဲ့သည့် ဥပဒေသည် ပြည်နယ်များမှ ဦးရေတူ ရွေးချယ်ပေးသည့် အထက်လွှတ်တော် (သို့) အမျိုးသားလွှတ်တော်အမတ်များကို ဖြတ်ရသည်။ ပြည်နယ်များတွင်လည်း အတူတူပင် ဖြစ်သည်။ ပြည်နယ်များတွင် ပြည်နယ်ကိုယ်စားပြုလူမျိုးတို့ ပြုသမျှ မနုရလေအောင် ပြည်နယ်များ၏ အထက်လွှတ်တော်ကို ပြည်နယ်ရှိ တိုင်းရင်းသားအမတ်များ ဦးရေတူ ထားရှိသင့်သည်သာ ဖြစ်သည်။ သို့မှသာ ပြည်နယ်တွင်းရှိ လူမျိုးစုများအတွက် တန်းတူရေး ရှိနိုင်မည်ဖြစ်သည်။ - တရားသော ဥပဒေများကို ပြဌာန်းနိုင်ခဲ့လျှင် ... - ယင်းဥပဒေအတိုင်း ပြည်ထောင်စုအစိုးရ ပြည်နယ်အစိုးရများက အုပ်ချုပ်ကြလျှင် ... - ယင်းဥပဒေအတိုင်း တရားသူကြီးများက စီရင်ဆုံးဖြတ်ကြလျှင် ... တရားဥပဒေစိုးမိုးမှု ရှိပြီး သာယာဝပြောသည့် ပြည်ထောင်စုနိုင်ငံတခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ Ven Ravika

ဗ ၊ မ ပြဿနာ

နေ့ သစ်မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နာမည်မှာ ဗမာနေရာကို မြန်မာနဲ့ အစားထိုးပြောင်းလဲဖို့ ပြောကြတဲ့ အသံတွေကို ဒီနေ့ခေတ်မှာ အသစ်တဖန်ပြန်ကြားလာရပါတယ်။ အထူးသဖြင့် အဲသလို ပြောကြတဲ့အထဲမှာ တိုင်းရင်း သားလူငယ်တွေလည်း ပါဝင်လာကြတဲ့အတွက် ဒီကိစ္စဟာ ပိုပြီး အလေးအနက်ထားရမယ့် အကြောင်းအရာ ဖြစ်လာပါ တယ်။ အဲဒီတိုင်းရင်းသား လူငယ်တွေထင်နေတာက ဗမာနိုင်ငံလုံးဆိုင်ရာဟာ တိုင်းရင်းသားတွေ မပါဘူး၊ မြန်မာနိုင်ငံ လုံးဆိုင်ရာဆိုမှ သူတို့ပါမယ်လို့ ထင်နေကြတာကိုး။ ဒီတော့ အဲသလို မဟုတ်ကြောင်း၊ သူတို့ထင်တာဟာ ပြောင်းပြန်ဖြစ် နေကြောင်း ရှင်းလင်းဖို့ အရေးတကြီးလိုအပ်လာပါတယ်။ သမိုင်း အစဉ်အလာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ABFSU) ဆိုတဲ့ နာမည်ကို ၁၉၅၁ ခုနှစ်မှာ စတင်ဖွဲ့စည်းပြီး နာမည် ခံခဲ့တာဖြစ်ပါတယ်။ သူ့ထက်အရင်စောတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ABSU) ကိုတော့ ဒုတိယ ကျောင်းသားသပိတ်အပြီး ၁၉၃၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ ခေတ်ပါ။ ခေတ်အဆက်ဆက် ဗကသနဲ့ ဗကသများအဖွဲ့ချုပ်ထဲမှာ တိုင်းရင်းသားကျောင်းသားခေါင်းဆောင်တွေ ပါဝင်လှုပ်ရှားခဲ့ကြ ပါတယ်။ ရှမ်းကျောင်းသားခေါင်းဆောင် ကိုတင်ဧ (ပင်လုံ)၊ ရှမ်းကျောင်းသား ခေါင်းဆောင် ကိုခင်မောင်ကြီး (လက်ရှိ အမေရိကန်ပြည်ထောင်စု)၊ ရခိုင်ကျောင်းသားခေါင်းဆောင် ကိုသာဘန်း (လက်ရှိ ALD ခေါင်းဆောင်တဦးဖြစ်တဲ့ ကြေးမုံ ဦးသာဘန်း)၊ ကရင်ကျောင်းသား ခေါင်းဆောင် စောဒေးဗစ်သာကပေါ (လက်ရှိ KNU ခေါင်းဆောင်)၊ကရင်ကျောင်းသား ခေါင်းဆောင် ပဒိုမန်းရှာလာဖန်း (ကွယ်လွန်သူ KNU ခေါင်းဆောင်)၊ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင် ဦး (စစ်အစိုးရက ကြိုးမိန့်ပေးသတ်ဖြတ်)၊ မွန်ကျောင်းသားခေါင်းဆောင် မင်းစိုးမင်း၊ မင်းအုန်းမြိုင် တို့ အပါအဝင် တိုင်း ရင်းသား ကျောင်းသားခေါင်းဆောင်အများအပြားဟာ တကသ၊ ဗကသ၊ ဗကသများအဖွဲ့ချုပ် အလံတွေအောက်မှာ ပါဝင် လှုပ်ရှားခဲ့ကြဖူးပါတယ်။ အဲဒီဗကသ၊ ဗကသများအဖွဲ့ချုပ် သမိုင်းတလျောက်လုံးမှာ ဗ၊မ ပြဿနာကို မကြားခဲ့ရဖူးပါဘူး။ ဗမာနိုင်ငံလုံးဆိုင်ရာဟာ တိုင်းရင်းသား အကျုံးမဝင်ဘူးလို့ ငြင်းခုန် ပြောဆိုမှုမျိုး မတွေ့ခဲ့ပါဘူး။ ဘယ်တိုင်းရင်းသား ကျောင်းသားခေါင်းဆောင်ကမှ ဗမာနိုင်ငံလုံးဆိုင်ရာဆိုတာ တိုင်းရင်းသားမပါဘူးလို့ သံသယဝင်ခဲ့ပုံ၊ စောဒကတက်ခဲ့ပုံ လည်း မရပါဘူး။ ဒါ့အပြင် သမိုင်းဝင်အဖွဲ့အစည်းတွေထဲမှာလည်း ဗမာနာမည်ခံယူတဲ့ တခြားနိုင်ငံလုံးဆိုင်ရာ အဖွဲ့အစည်းတွေ ရှိကြပါ တယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအဖွဲ့ချုပ်၊ ဒို့ဗမာအစည်းရုံး၊ ဗမာ့တပ်မ တော်၊ ဗမာ့လက်ရုံးတပ်ဖွဲ့၊ ဒို့ဗမာရဲတပ်ဖွဲ့၊ ဒို့ဗမာ ရှပ်နီတပ်၊ ဗမာ့ထွက်ရပ်ဂိုဏ်း၊ ဒို့ဗမာ ဆင်းရဲသား အစည်းအရုံး၊ ဗမာနိုင် ငံလုံးဆိုင်ရာ တောင်သူလယ်သမားအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး၊ ဗမာပြည် တောင်သူ လယ်သမား ညီညွတ်ရေး အစည်းအရုံး၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများအစည်းအရုံး၊ ဗမာပြည် အလုပ်သမား အစည်းအရုံးများ အဖွဲ့ချုပ်၊ ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗမာပြည်ဆိုရှယ်လစ် ပါတီ (ပြည်သူ့အရေးတော်ပုံပါတီ)၊ ဗမာပြည် အလုပ်သမား၊ လယ်သမားပါတီ တို့ဟာ ဗမာနာမည်ခံခဲ့ကြတဲ့ သမိုင်းဝင် အဖွဲ့အစည်းတွေပါ။ အဲဒီအဖွဲ့အစည်းအားလုံး ဟာ ဗမာဆိုတာကို တိုင်းရင်းသားအားလုံး အကြုံးဝင်တယ်လို့ မှတ်ယူသုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ လူငယ်များ အစည်းအရုံးလို၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး လွတ်လပ်ရေးအဖွဲ့ချုပ်လို မြန်မာနာမည်ခံယူတဲ့ အဖွဲ့အ စည်းမျိုးလည်း မရှိမဟုတ် ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒို့ဗမာ အစည်းအရုံးခေတ်ကနေ လွတ်လပ်ရေးရတဲ့ အချိန်အထိ ကာလ တလျောက်မှာ ဗမာနာမည်ခံတဲ့ အဖွဲ့အစည်းတွေကသာ အများစုဖြစ်ပါတယ်။ ဗကသမှာလည်း မြန်မာနာမည်ခံယူသုံးနှုန်းခဲ့ဖူးတဲ့ ကာလတိုတခုရှိခဲ့ဖူးပါတယ်။ ဗကသ ဖွဲ့စည်းကာစ ကနဦးကာလမှာ ဖြစ်ပါတယ်။ ကနဦးကာလမှာ နာမည်သုံးစွဲမှုနဲ့ ပတ်သက်ပြီး တည်ငြိမ်မှုမရှိသေးဘဲ စမ်းသပ်သုံးစွဲခဲ့တယ်လို့ ယူဆဖွယ်ရာ ဖြစ်ပါတယ်။ ၁၉၃၆ စတင်ဖွဲ့စည်းစဉ် ကနေ ၁၉၃၇ နှစ်ဆန်းပိုင်းလောက်အထိမှာ ဗမာနိုင်ငံလုံးဆိုင်ရာလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၃၇ နှစ်ဆန်းပိုင်းကနေ ၁၉၃၈ နှစ်ဆန်းပိုင်း လောက်ကာလအတွင်းထုတ်တဲ့ စာရွက်စာတမ်းတချို့မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာလို့ သုံးခဲ့တာမျိုးကို ထူးထူးခြားခြား တွေ့ရပါတယ်။ (မှတ်ချက် .. မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ လို့ သုံးတာကို မှတ်တမ်းတချို့မှာတွေ့ရပေမဲ့ အတိုကောက်အားဖြင့် မကသ လို့ သုံးတာမျိုးတော့ မတွေ့မိပါ။) တနှစ်ဝန်း ကျင်လောက်ကြာမယ့် အဲဒီ ကာလတိုတခုမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂလို့ သုံးစွဲတဲ့ စာရွက်စာတမ်း တချို့တွေ့ရတဲ့အတွက် အဲဒီကာလမှာ မြန်မာဆိုတဲ့ စကားလုံးကို စမ်းသပ်သုံးစွဲခဲ့တယ်လို့ ယူဆစရာဖြစ်ပါတယ်။ ဒါမှ မဟုတ် မြန်မာနဲ့ ဗမာကို ပြတ်ပြတ်သားသား မခွဲခြားဘဲ ကြုံသလို အရောရော အနှောနှော သုံးစွဲခဲ့တာလည်း ဖြစ်နိုင်ပါ တယ်။ ၁၉၃၈ ကနေ နောက်ပိုင်း တလျောက်လုံးမှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ဆိုတဲ့ စကားကိုသာ တသမတ်တည်း တည်တည်ငြိမ်ငြိမ်သုံးစွဲ သွားခဲ့တာတွေ့ရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာဆိုတဲ့ စကားလုံးကို နောက်ထပ်ကြားဖောက်သုံး စွဲတာမျိုး မတွေ့ရတော့ပါဘူး။ ဒီတော့ ဗကသ ဟာ တနှစ်လောက်ကြာအောင် မြန်မာနိုင်ငံလုံးဆိုင်ရာအမည်ကို စမ်းသပ် သုံးစွဲကြည့်ခဲ့ပြီး၊ သို့မဟုတ် သတ်သတ်မှတ်မှတ် မထားဘဲ ရောနှောသုံးစွဲပြီး နောက်ပိုင်းမှာတော့ အပြီးအပိုင် စွန့်လွှတ် လိုက်တယ်လို့ အကြမ်းဖျဉ်းယူဆနိုင်ပါတယ်။ ဘာ့ကြောင့် အဲသလို တနှစ်လောက် သုံးကြည့်ပြီးနောက်မှာ မြန်မာကို အပြီးအပိုင် စွန့်လွှတ်ပြီး ဗမာနာမည်ကို ခံယူလိုက် ပါသလဲ။ နောက်တခါ အဲဒီခေတ်မှာ အဖွဲ့အစည်း အများအပြားဟာ ဗမာကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ပါရက်နဲ့ ဘာ့ကြောင့် ဗမာ ဆိုတဲ့စကားလုံးဟာ တိုင်းရင်းသားတွေ ပါမှပါရဲ့လားဆိုတဲ့ သံသယစကားမျိုးကို (ဒီနေ့ခေတ်လို) တိုင်းရင်းသားတွေဘက် က မပြောမဆိုခဲ့ကြတာပါလဲ။ ဘာ့ကြောင့်လဲဆိုတော့ တိုင်းရင်းသားအားလုံး အပါအဝင်ဖြစ်တဲ့ တနိုင်ငံလုံးကို မြန်မာလို့ မသုံးဘဲ၊ ဗမာဆိုတဲ့ နာမည်နဲ့ပဲ ခေါ်ဝေါ်သုံးစွဲမယ်လို့ အဲဒီခေတ်က နိုင်ငံရေးအရ ဦးဆောင်ခဲ့တဲ့ ဒို့ဗမာအစည်းအရုံးအတွင်းမှာ ဆုံးဖြတ်ချက်ချနိုင်ခဲ့လို့ ဖြစ်ပါတယ်။ အဲသလို ဆုံးဖြတ်ချက်ချပြီး ပြဋ္ဌာန်း သတ်မှတ်ခဲ့ကြောင်းကို ဒို့ဗမာအစည်းအရုံးသမိုင်းမှာ အခုလို အတိအလင်းဖော်ပြ ထားပါတယ်။ ဒို့ဗမာ အစည်းအရုံး သမိုင်း စာမျက်နှာ ၂၁၅ မှာ….. “သခင်များက မြန်မာနိုင်ငံ၊ မြန်မာပြည်ဆိုသော စကားမှာ မြန်မာလူမျိုးများ နေထိုင်သော မြန်မာနိုင်ငံဟု အဓိပ္ပါယ် ရောက်သည်။ မြန်မာနိုင်ငံဆိုသည်မှာ မြန်မာပဒေသရာဇ်များက ပေးသော နာမည်ဖြစ်သည်။ မမှန်ကန်။ ဗမာနိုင်ငံသည် မြန်မာလူမျိုး တမျိုးတည်းနေထိုင်သော နိုင်ငံမဟုတ်။ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ တောင်သူ၊ ပအိုး၊ ပလောင်၊ မွန်၊ မြန် မာ၊ ရခိုင်၊ ရှမ်း စသော တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သော နိုင်ငံဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၊ မြန်မာပြည်ဟု မသုံး၊ ဗမာနိုင်ငံ၊ ဗမာပြည်ဟု သုံးသည်။ သို့မှသာ ညီညွတ်မှန်ကန်မည်။ ဗမာနိုင်ငံတွင် နေထိုင်ကြသော တိုင်းရင်းသား အားလုံးကို ဗမာဟု ခေါ်သည်။” လို့ ရှင်းလင်း ရေးသားထားပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံဆိုတာဟာ ပြည်မနေ မြန် မာလူမျိုးတွေက ပိုင်ဆိုင်တဲ့နိုင်ငံလို့ အဓိပ္ပါယ် သက်ရောက်တဲ့အတွက် တိုင်းရင်းသားအားလုံးပိုင်ဆိုင်တဲ့ နိုင်ငံကို မြန်မာ နိုင်ငံလို့မသုံးဘဲ ဗမာနိုင်ငံလို့ သုံးမယ်လို့ ဒို့ဗမာအစည်းအရုံး က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒို့ဗမာအစည်းအရုံးရဲ့ ရည် ရွယ်ချက်ဟာ မြန်မာလူမျိုးကြီးဝါဒကို ဆန့်ကျင်ကြောင်း အထင်အရှား ပြသ နေပါတယ်။ ဒို့ဗမာအစည်းအရုံးသမိုင်းဟာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ ၁၉၆၄ ခုနှစ်မှာ တနိုင်ငံလုံးက သခင်ခေါင်း ဆောင်တွေ ရန်ကုန်မှာ စုဝေးရောက်ရှိလာခဲ့ကြရာကနေစတင်ပြီး ၁၉၆၈ ခုနှစ်အထိကာလအတွင်းမှာ တနိုင်ငံလုံးက သခင်ခေါင်းဆောင်တွေ စုပေါင်းပြီး ရေးသားခဲ့တဲ့ သမိုင်းစာအုပ် ဖြစ်ပါတယ်။ ဒို့ဗမာ အစည်းအရုံး သမိုင်းရဲ့ အဲဒီ စာမျက်နှာ ၂၁၅ မှာပဲ “မြစ်ကြီးနားမှ ဒို့ဗမာတယောက် အစော်ကားခံရလျှင် ယေး၊ မြိတ်၊ ထားဝယ်မှ ဒို့ဗမာများက ဆတ်ဆတ်ခါအောင် နာကြ ပါ” လို့ ဟောပြောခဲ့ကြကြောင်းကိုလည်း အတိအလင်း ရေးသားထားပါတယ်။ ဒို့ဗမာ အစည်းအရုံးသမိုင်း စာမျက်နှာ ၁၃၃ မှာတော့ ဒီလိုရေးထားပါတယ်။ “ဒို့ဗမာ အစည်းအရုံးဟူရာ၌ ဒို့ဗမာပြည်ထဲ၌ ရှိသော လူမျိုးအားလုံးကို ကိုယ်စားပြုသည့် အဓိပ္ပါယ်ဖော်ဆောင်ခြင်း အ ထိမ်းအမှတ်အဖြစ် ဒို့ဗမာဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။ မြန်မာဟူသောစကားမှာ မြန်သည်၊ မာသည်ဟူသော အဓိ ပ္ပါယ်ကို ဆောင်သော်လည်း နှာသံပါ၍ ဘောင်ကျဉ်းသည်၊ အားနည်းသည်၊ ရှမ်း၊ ကရင်၊ ချင်း၊ ကချင်၊ မွန်၊ ရခိုင်၊ ပလောင်၊ တောင်သူ၊ ဆလုံ၊ နာဂ၊ မြန်မာ စသော ဗမာတိုင်းရင်းသား အားလုံးကို ခြုံ၍ ငုံမိစေရန် ဗမာဟူသော စကားလုံး ကို ရွေးသည်၊ အသံထွက်မာကျော၍ သုံးစွဲသည်။ တဖန် ဘ ကုန်းနှင့် ဘမာဟု မရေးဘဲ ဗ လချိုက်နှင့် ရေးခြင်းမှာလည်း၊ ဘ သည် ရံဖန်ရံခါ ဖ သံ ထွက်သဖြင့် စိတ်မချရသောကြောင့် ဗလချိုက်နှင့် ဗမာဟုရေးသည်” လို့ ဖွင့်ဆိုထားပါတယ်။ မြန်မာ၊ ဗမာ ဝေါဟာရ ဘယ်ကစသလဲ။ မြန်မာဆိုတဲ့ ဝေါဟာရကို အစောဆုံးတွေ့ရတာဟာ ပုဂံခေတ်ဖြစ်တယ်ဆိုတဲ့ အချက်ကို မြန်မာစာပညာရှင် သမိုင်းပညာ ရှင် အများအပြား သဘောထားကိုက်ညီကြပါတယ်။ ဆရာသိပ္ပံစိုးရင် ရဲ့ ၁၉၆၈ ခုနှစ် မှာ ထုတ်တဲ့ မြန်မာ့ ယဉ်ကျေးမှု သမိုင်း၊ စာမျက်နှာ ၅၆ ကနေ ၅၈ အတွင်းမှာ ဖော်ပြ ထားတာက မြန်မာဟူသော ဝေါဟာရကို ပထမဦးစွာ အစောဆုံး သက္ကရာဇ် ၄၅၂ (အေဒီ ၁၁၉၀) ပုဂံမြို့ တောင်ဂူနီကျောက်စာတွင် စတင် တွေ့ရပါသည်။ ထိုသက္ကရာဇ်ထက် အနှစ် ၉၀ ခန့် စောသော ကျန်စစ်မင်းကြီး၏ နန်းတည်မွန်ကျောက်စာ (၁၁၀၂ အေဒီ) တွင် မြန်မာကို “မိရမာ” ဟူ၍ ရေးထိုးထားသည်ကို တွေ့ရ၏။ အေဒီ ၁၃၄၂ ခုနှစ်တွင် ရေးထိုးသည့် မြန်မာ ကျောက်စာတွင် “မြံမာ” ဟူ၍ ရေးထိုးထားသည်ကို အစောဆုံးတွေ့ရ၏။ ထို့နောက် ကျောက်စာများနှင့် မင်စာများတွင် “မြန်မာ” “မြံမာ” “မြမ္မာ” ဟူ၍ ရေးထိုးလာကြသည်ကို တွေ့ရှိရပြန်သည်။ တရုတ်ရာဇဝင် မှတ်တမ်းများအလိုအားဖြင့် ရှေးက မြန်မာနိုင်ငံကို “စောပိုး” ဟူ၍ ခေါ်ဆိုကြ၍ တရုတ်ဟန်မင်းများ လက် ထက် (ဘီစီ ၂၀၂- အေဒီ ၂၆၃) တွင် မြန်မာနိုင်ငံကို “တန်” ဟူ၍ ခေါ်ဆိုလျက် တရုတ်တန်မင်းများ လက်ထက် (အေဒီ ၆၁၈ – ၉၀၇ ) တွင် မြန်မာနိုင်ငံကို “ပိယော (ပျူ)” ဟုခေါ်ဆိုကြသည်။ ဆွန်မင်းများလက်ထက် (အေဒီ ၉၆၀) တွင် “မိယင်” ဟုခေါ်ဆိုသည်ဟု သိရှိရပါသည်။ ထိုမင်းတို့လက်ထက်မှ “မိယင်” တို့သည် တရုတ်တို့နှင့် ဆက်ဆံ သွားလာမှု များ စတင်ပြုလုပ်ကြသည်ဟု ဆို၏။ “မိယင်” ဆိုသော အမည်မှာ “မြန်မာ” ဆိုသော အမည်ကို အဖျားဆွတ်၍ ခေါ်ဆို ရေးမှတ်ခြင်းဖြစ်လိမ့်မည်ဟု သုတေသီများက ယူဆကြသည်။ တနည်းအာဖြင့်ဆိုသော် တရုတ်မင်းတို့က အေဒီ ၆၁၈ – ၉၀၇ ခုနှစ်အထိ မြန်မာနိုင်ငံကို ပျူဟူ၍သာ အသိအမှတ်ပြုခဲ့သည်။ “မြန်မာ” ဟူ၍ ထင်ပေါ်ခြင်းရှိဟန်မတူသေးပေ။ မြန်မာတို့ကို အသိအမှတ်ပြုလာသည်မှာ အေဒီ ၉၆၀ ခုနှစ်ခန့်မှ အစပြုသည်ဟု ယူဆရပါသည်။ မြန်မာ့ ရှေးဟောင်း သမိုင်း အဆိုအရလည်း ပုဂံကို သက္ကရာဇ် ၂၁၁ (အေဒီ ၈၄၉) ခုနှစ်တွင် တည်သည်ဟု ဆိုထားသဖြင့် ယုတ္တိရှိသည်ဟု ဆိုရပေမည်။ ဒီတော့ မြန်မာဆိုတဲ့စကားဟာ ပုဂံခေတ်ကတည်းက ပေါ်လာခဲ့တာဖြစ်ကြောင်းထင်ရှားပါတယ်။ အဲဒီတုန်းကခေါ်တဲ့ မြန်မာဟာလည်း အခုပြည်မမှာ နေကြတဲ့ လူမျိုးကိုသာ ခေါ်ကြတာဖြစ်ပြီး၊ ရှမ်း၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ကယား ဆိုတဲ့ လူမျိုးတွေမပါကြောင်း ထင်ရှားပါတယ်။ ဒါဆိုရင် ဗမာဆိုတဲ့စကားကရော ဘယ်တုန်းကပေါ်လာတဲ့စကားပါလဲ။ ထူးခြားတာက ဗမာဆိုတဲ့ စကားကို ကျောက်စာ တွေမှာ အထောက်အထားနဲ့ မတွေ့ရတဲ့ အချက်ပါပဲ။ ဒီတော့ ဗမာဆိုတဲ့ စကားရဲ့ မူလရင်းမြစ်ကရော ဘာပါလဲ။ မြန်မာဆိုတဲ့ စကားကရော မူလရင်းမြစ်ကဘာပါလဲ။ ဗမာ၊ မြန်မာဆိုတဲ့ စကားရဲ့ မူလရင်းမြစ်ကို လေ့လာ ဆန်းစစ်တဲ့အခါ ဆရာအမျိုးမျိုးက အယူအဆအမျိုးမျိုး တင်ပြကြပါ တယ်။ ၁၉၃၃ ခုနှစ်မှာ ထုတ်တဲ့ မြန်မာနိုင်ငံ သုတေသနအသင်းဂျာနယ် JBRS အတွဲ ၂၃ ၊ အမှတ် ၂ မှာ ဆရာ ဦးကျော်ထွန်း က အယူကွဲ၊ မူကွဲ အမျိုးမျိုးကို ဖော်ပြပြီး မြန်မာဆိုတဲ့စကားလုံးရော၊ ဗမာဆိုတဲ့ စကားလုံးရောဟာ ဗြဟ္မာ ဆိုတဲ့ ပါဠိစကားလုံးကဆင်းသက်လာတဲ့ ဝေါဟာရဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။ အဲဒီဆောင်းပါးဟာ အယူအ ဆကွဲမျိုးစုံ၊ Argument မျိုးစုံကို ဖော်ပြပြီး သုံးသပ်ထားတဲ့ တော်တော်ပြည့်စုံတဲ့ ဆောင်းပါးတပုဒ်ဖြစ်ပါတယ်။ (အသေး စိတ်သိလိုသူတွေ ဆရာ ဦးကျော်ထွန်းရဲ့ ဆောင်းပါးကို ဖတ်ရှုကြပါ။ ရှာဖွေမရသူများ ဗကသနဲ့ ဆက်သွယ် တောင်းခံ နိုင်ပါတယ်။ ဆရာဦး ကျော်ထွန်းရဲ့ အယူအဆကို ဒီနေ့ခေတ် မြန်မာဘာသာ ဗေဒပညာရှင်အများစုက ထောက်ခံကြပါ တယ်။) ဗြဟ္မာ ဆိုတဲ့ စကားကနေ ဗြမ္မာ၊ ဗြမ္မာကနေ မြမ္မာ၊ မြမ္မာကနေ မြန်မာအဖြစ် ပြောင်းလဲလာတယ်လို့ ဆရာ ဦးကျော်ထွန်း က ဆိုပါတယ်။ ဗမာဆိုတဲ့စကားလုံးဟာလည်း ဗြဟ္မာဆိုတဲ့စကားကနေ ဗမ္မာ၊ ဗမ္မာကနေ ဗမာဖြစ်လာတယ်လို့ ဆိုပါ တယ်။ အိန္ဒိယမှာလည်း ကျနော်တို့ကို ဗြဟ္မာ (အသံထွက်အားဖြင့် တချို့က ဗရမာ) လို့ ခေါ်ပါတယ်။ အိန္ဒိယကုလားတွေက ကျနော်တို့ကို ဗရမာ ခေါ်တာကို ကြားကြတဲ့အတွက် အင်္ဂလိပ်က ဗမာကိုခေါ်တဲ့အခါ Burma လို့ R ထည့်ပေါင်းခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ဗမာတွေခေါ်တဲ့ အသံကိုသာ အရင်ကြားရင် Bamar သို့မဟုတ် Bama လို့ခေါ်ကောင်းခေါ်နိုင် ပါတယ်။ ထိုင်းနိုင်ငံကလည်း ကျနော်တို့ကို ဖမာလို့ ခေါ်ပါတယ်။ ဘမာကနေ ဖမာ အဖြစ် အသံ ပြောင်းသွားတာ ဖြစ်နိုင် ပါတယ်။ ဒါဖြင့် ကျောက်စာတွေမှာ မြမ္မာ၊ မြံမာ၊ မြန်မာဆိုတဲ့စကားလုံးတွေကို အကြိမ်ကြိမ်တွေ့ရပြီး ဗမာဆိုတဲ့စကားကို မတွေ့ကြ ရတာက ဘာ့ကြောင့်လဲ။ ဘာ့ကြောင့်လဲ ဆိုတော့ ကျနော်တို့စာပေမှာ အရေးနဲ့ အဖတ် ကွာခြားနေတတ်တဲ့ “ရေးတော့အမှန် ဖတ်တော့အသံ” ထုံးစံ ထွန်းကားခဲ့လေတော့ မြန်မာနဲ့ ဗမာဟာလည်း အရေးနဲ့ အဖတ်ကွဲပြားခဲ့တာ ဖြစ်ပုံရတယ်လို့ ပညာရှင်များက ယူဆ ကြပါတယ်။ ရေးတဲ့ အခါမှာ မြန်မာလို့ပဲ ရေးခဲ့ကြပြီး ပြောတဲ့ အခါမှာတော့ ဗမာလို့ပဲ ပြောခဲ့၊ တွင်ကျယ်ခဲ့ကြမယ်လို့ ပညာရှင်များက ယူဆကြပါတယ်။ တချို့ကလည်း ကျောက်စာ အထောက်အထား မတွေ့ရတဲ့ အတွက် ဗမာဆိုတဲ့ စကား လုံးဟာ ပေါ်တာ သိပ်မကြာသေးဘူးလို့ ယူဆကြတာမျိုးရှိပါတယ်။ ဒါပေမဲ့ မြန်မာ၊ ဗမာဟာ ရင်းမြစ်တခုတည်းကနေ လာရိုးမှန်ရင် မြန်မာက ရှေးပဝေသဏီကတည်းက ပေါ်ခဲ့ပြီး ဗမာက မနေ့တနေ့ကမှ (ကုန်းဘောင်ခေတ်နှောင်းလောက် မှ) ပေါ်တယ်ဆိုတာ ဖြစ်နိုင်ခြေ တော်တော် နည်းပါတယ်။ ဒီတော့ ကျောက်စာ၊ ရှေးစာအထောက်အထား မတွေ့ရတဲ့ အ တွက် ဗမာဟာ နောက်မှပေါ်တယ်ဆိုတဲ့ အယူအဆထက် ဗမာဟာ ပြောစကားမို့သာ ကျောက်စာ၊ ရှေးစာမှာမတွေ့ရတာ ဆိုတဲ့အချက်က ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။ အပြောနဲ့ အရေးဆိုတာဟာ အပြောက ပိုရှေးကျတာမို့ ဗမာကတောင် မြန် မာထက် စောချင်စောနိုင်ပါသေးတယ်။ အပြောကပိုရှေးကျတဲ့အတွက် ဗမာကပိုစောနိုင်တယ်ဆိုတဲ့ အယူအဆမျိုးကို တော့ ဆရာမောင်သာနိုးက ယူဆကြောင်း ဘီဘီစီ အလင်္ကာပုလဲပန်း အစီအစဉ်မှာ ပြောထားပါတယ်။ ပါဠိအဘိဓါန်ကို နိဿယ ပြန်ဆိုခဲ့တဲ့ ကျမ်းတတ်ပုဂ္ဂိုလ် အကျော်အမော်တဦး ဖြစ်သူ တောင်ပေါက်ဆရာတော် ဦးစက္ခပါလ ကလည်း ဗမာကသာ အမှန်၊ ဗမာကသာ သင့်တော်တဲ့ အသုံးအနှုန်းလို့ယူပြီး သူ့တသက်လုံးဗမာဆိုတဲ့ မူတမျိုးတည်းကိုသာ သုံး နှုန်းခဲ့ဖူးတာလည်း ရှိပါတယ်။ အထက်အညာဒေသနဲ့ ဗမာလူမျိုးတွေနေထိုင်တဲ့ ကျေးလက်တောရွာတွေကို သွားကြည့်ရင် ဒီအယူအဆမှန်နိုင်ကြောင်း ပိုမို သိမြင်နိုင်ပါတယ်။ ကျေးလက်တွေမှာ မြန်မာလို့ ခေါ်ဝေါ်သုံးနှုန်းတာသိပ်နည်းပါတယ်။ ဗမာလို့သာ ခေါ်ဝေါ် သုံးနှုန်း ကြပါတယ်။ (အညာကျေးလက်ဒေသတွေဟာ ဗမာစကား မပျက်စီးသေး (corrupt အဖြစ်နည်းပါးသေး) တဲ့ အရပ်ဒေသ တွေအဖြစ် ဘာသာစကား ပညာရှင်အများက လက်ခံထားပြီး ဖြစ်ပါတယ်။) တကယ်တော့ ရှေးပဒေသရာဇ် ခေတ်အဆက်ဆက်မှာ စာတတ်ပေတတ်ဆိုတာကလည်း ပဒေသရာဇ် အနွယ်တွေ၊ မှူး မျိုး မတ်မျိုးတွေကသာ များပါတယ်။ သူတို့ပဒေသရာဇ်တွေက သာမန် အရပ်စကား အရပ်ဟန်နဲ့ ပြောတာကို တောဆန် တယ်ထင်ပြီး စာသံပေသံနဲ့ ဟန်လုပ်ပြော တတ်ကြပါတယ်။ ဒါ့ကြောင့် ပဒေသရာဇ်ခေတ်တလျောက်မှာ မြန်မာဆိုတဲ့ စကားကို ထီးရိပ်နန်းရိပ်၊ ပဒေသရာဇ် အရိပ်နင်းတဲ့သူတွေကသာ အသုံးပိုများကြပြီး ရပ်ထဲရွာထဲက သာမန်လက်လုပ် လက်စားတွေကတော့ ကိုယ့်ကိုယ်ကိုယ် ဗမာလို့သာ ခေါ်ကြပါတယ်။ ဒါ့ကြောင့်လည်း ဒို့ဗမာအစည်းအရုံးက “မြန်မာ” ဟာ ပဒေသရာဇ်တွေပေးတဲ့ နာမည်လို့ ဆိုတာဖြစ်ပါတယ်။ ဒို့ဗမာ သခင်တွေဟာ ပဒေသရာဇ်ခေတ်နဲ့ သိပ်အဝေးကြီး အလှမ်းမကွာလှသေးတဲ့အတွက် ဒီအချက်ကို ကောင်းကောင်းသ ဘောပေါက်ပါတယ်။ တခြားတိုင်းရင်းသားလူမျိုးစု တွေကို တိုက်ခိုက်ဖျက်ဆီးပြီး နှိပ်စက်ကလူပြုတာဟာလည်း ပဒေသ ရာဇ်တွေသာဖြစ်ပြီး သာမန်အရပ်သားတွေ မပါဝင်တဲ့အတွက် “မြန်မာ” ဆိုတဲ့ ပဒေသရာဇ်နာမည်ဟာ တိုင်းရင်းသား လူမျိုးစုတွေနဲ့ ရန်ငြိုးရန်စရှိပြီး၊ “ဗမာ” ဆိုတဲ့နာမည်ဟာ တိုင်းရင်းသားနဲ့ ရန်ငြိုးအစဉ်အလာ မရှိဘူးလို့ ဒို့ဗမာ အစည်းအ ရုံးက ယူဆခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မူလ ရင်းမြစ်ကို ကြည့်မယ်ဆိုရင်တော့ မြန်မာရော၊ ဗမာပါ တိုင်းရင်းသားနဲ့ မဆိုင်၊ ပြည်မနေလူမျိုးနဲ့သာ သက် ဆိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါဆိုရင် “ဗမာ” ဆိုတဲ့စကားဟာ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကယား၊ ပအိုး၊ ပလောင် စတဲ့ တိုင်းရင်းသား လူမျိုးစု အားလုံး ပါဝင်တယ်ဆိုတဲ့ အယူအဆဟာ ဘယ်တုန်းက စဖြစ်လာတာပါလဲ။ ဒို့ဗမာအစည်းအရုံးက စဖြစ်လာတာပါ။ ဒို့ဗမာအစည်းအရုံး သမိုင်း စာမျက်နှာ ၂၁၅ မှာ ဒီလိုဆိုထားပါတယ်။ “ဒို့ဗမာ အစည်းအရုံးသည် မူလတည်ထောင် စဉ်မှစ၍ သမိုင်းတလျှောက်လုံး လူမျိုးစုအားလုံး၏ ညီညွတ်ရေးကို အလေး ပေးခဲ့ကြောင်း၊ “တို့” ဟူသော စကား၊ “ဗမာ” ဟူသော စကား၊ “ ဗမာနိုင်ငံ၊ ဗမာပြည်” ဟူသော စကားတို့ကို တီထွင်၍ တိုင်းရင်းသား စစ်စစ်ဟူသော အမည်နာမ တပ်ဆင်ခဲ့ခြင်းဖြင့် သိသာထင်ရှားပေသည်။” လို့ ဆိုထားပါတယ်။ ဒီနေရာမှာ တီထွင်၍ ဆိုတဲ့ စကားလုံးကို အထူးသတိပြုဖို့လိုမယ်ထင်ပါတယ်။ မြန်မာ ပဒေသရာဇ်တွေသုံးတဲ့ မြန်မာဆို တဲ့စကားလုံးကို တနိုင်ငံလုံးအတွက်သုံးရင် လူမျိုးကြီးဝါဒ သဘော သက်ဝင်မှာ စိုးလို့ “ဗမာနိုင်ငံ” ဆိုတဲ့အသုံးကို ဒို့ဗမာ အစည်းအရုံးက တီထွင်သုံးစွဲခဲ့တယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဗမာဆိုတဲ့ ဝေါဟာရကို ဒို့ဗမာအစည်းအရုံးက တီထွင် တယ်လို့တော့ ဆိုလိုတာ ဟုတ်ဟန်မတူပါဘူး။ ဒီတော့ ဗမာဆိုတာ တနိုင်ငံလုံး တိုင်းရင်းသားအားလုံး အပါအဝင်ဆိုတာ ဟာ ဒို့ဗမာအစည်းအရုံးက ပြဋ္ဌာန်းးခဲ့တဲ့ “ပြဋ္ဌာန်းး အသုံးအနှုန်း” ဖြစ်ပါတယ်။ ပြဋ္ဌာန်းးခြင်းရဲ့ ရည်ရွယ်ချက်ဟာလည်း ခေတ်အဆက်ဆက် ပဒေသရာဇ်များသုံးစွဲခဲ့ပြီး ပုဂံခေတ်ကတည်းက ပြည်မနေလူမျိုးနဲ့ ယှဉ်တွဲ ထင်ရှားလာတဲ့ မြန်မာ ဆိုတဲ့ အသုံးအနှုန်းကို သုံးခြင်းအားဖြင့် လူမျိုးကြီးဝါဒ၊ မဟာမြန်မာဝါဒ ကျင့်သုံးရာ မကျစေချင်လို့ ဖြစ်ပါတယ်။ ဒီတော့ ဗမာနိုင်ငံ၊ ဗမာပြည်ဆိုတဲ့ စကားဟာ စတင်သုံးနှုန်းလာကတည်းက မြန်မာလူမျိုးကြီး လွှမ်းမိုးရေး ဝါဒကို ဆန့် ကျင်တဲ့ စိတ်ဓါတ်၊ လူမျိုးစုအားလုံး ညီညွတ်ရေးကို ရှေ့ရှုတဲ့ စိတ်ဓါတ်နဲ့ ပေါ်ပေါက်လာတယ်လို့ အတိအကျ မှတ်ယူနိုင် ပါတယ်။ ဒို့ဗမာ အစည်းအရုံးရဲ့ အဲဒီမူကိုပဲ အထက်မှာ ဗမာနာမည်သုံးခဲ့ကြတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေက လက်ခံကျင့်သုံးကြ တာ ဖြစ်ပါတယ်။ အဲသလို လက်ခံကျင့်သုံးကြတဲ့ အဖွဲ့အစည်းတွေထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ်) တို့လည်း အပါအဝင်ဖြစ်တယ် လို့ ဆိုချင်ပါတယ်။ ဗမာ၊ မြန်မာ ရောထွေးသုံးစွဲလာကြခြင်း နယ်ချဲ့တော်လှန်ရေး ကာလတလျောက်လုံးမှာ ဒို့ဗမာ အစည်းအရုံးရဲ့ “ဗမာသည် တိုင်းရင်းသားအပါအဝင် တနိုင်ငံလုံး” မူကို စွဲစွဲမြဲမြဲ ကျင့်သုံးလာကြပေမဲ့ နောက်ပိုင်းမှာ အထူးသဖြင့် ဒို့ဗမာ အစည်းအရုံး မှေးမှိန်ပျောက်ကွယ်ပြီးနောက်ပိုင်းမှာ ဗမာနဲ့ မြန်မာကို အလေးအနက် မစဉ်းစားဘဲ အရောရော အနှောနှော သုံးစွဲလာခဲ့ကြပါတယ်။ ဒါပေမဲ့ ဗမာဆိုတဲ့စကားကို ဖျောက်ဖျက်ပြီး မြန်မာ လူမျိုးကြီးဝါဒ ပြန်လည် အကောင်အထည်ဖော် အသက်သွင်းချင်တဲ့အတွက် ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲ သုံးစွဲ လာကြတယ် လို့တော့ ဗိုလ်နေဝင်း မတိုင်ခင်ကာလတွေမှာ သက်သေ အထောက်အထား မတွေ့ရပါ ဘူး။ မြန်မာဆိုတဲ့ နာမည်ကို သိသိသာသာ ပြန်လည်သုံးစွဲလာတာက ၁၉၄၇ ခုအခြေခံဥပဒေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၄၇ အခြေခံဥပဒေရေး ဆွဲရာမှာ နိုင်ငံရဲ့ နာမည်ကို အလေးအနက်စဉ်းစားခဲ့ပုံမရပါဘူး။ အငြင်းပွားမှု တစုံတရာ ရှိခဲ့ကြောင်း လည်း အထောက်အထား မတွေ့ရသလို အလေးအနက် ဆွေးနွေးခဲ့တဲ့ အထောက်အထားမျိုးလည်း မတွေ့ရပါဘူး။ ဒို့ဗမာအစည်းအရုံး မူကိုလည်း မေ့လျော့နေခဲ့ပုံရပါတယ်။ အင်္ဂလိပ် အမွေခံပြီး အင်္ဂလိပ် သုံးလက်စနာမည်ကိုပဲ လွယ် လွယ်ဆက်ခံ မှည့်ခေါ်လိုက်တာ တွေ့ရပါတယ်။ ဘာ့ကြောင့် အင်္ဂလိပ် အမွေခံပြီး အလွယ်သုံးလိုက်တယ်လို့ ပြောသလဲ ဆိုတော့ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၂ မှာ အခုလို ရေးသားထားတဲ့အတွက် ဖြစ်ပါတယ်။ မြန်မာပြည်၊ မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံတော်ဟူသော စကားရပ်တို့သည် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော် စီရင်အုပ်ချုပ်မှု ဥပ ဒေ၌ ပါရှိသော အဓိပ္ပါယ်မျိုးကိုဆောင်သည်။ အင်္ဂလိပ်ခေတ်တခေတ်လုံးမှာ အင်္ဂလိပ်အစိုးရက Burma မြန်မာပြည်လို့ ကို့လို့ကန့်လန့်သုံးခဲ့တဲ့ အသုံးကို ၁၉၄၇ အခြေ ခံဥပဒေက လွယ်လွယ်ပဲ အမွေခံခဲ့ပါတယ်။ ဒီလိုနဲ့ လွတ်လပ်တဲ့ နိုင်ငံတော်ဟာလည်း မြန်မာနိုင်ငံ Burma ဖြစ်လာခဲ့ပါ တယ်။ ဒါပေမဲ့ ဒါဟာ မြန်မာ လူမျိုးကြီးဝါဒကို အသက်သွင်းချင်တဲ့ အတွက် တမင်သက်သက်လုပ်ခဲ့ သလားဆိုတာကို တော့ သက်သေအထောက်အထားပြသစရာ မရှိပါဘူး။ သဘောရိုးနဲ့ပဲ အင်္ဂလိပ်အမွေကို အမှုမဲ့ အမှတ်မဲ့ ဆက်ခံလိုက် တယ်လို့ ထင်ရပါတယ်။ အဲဒီကနေနောက်ပိုင်း ဖဆပလ ခေတ်တလျောက်လုံးမှာလည်း ဗမာ၊ မြန်မာဝေါဟာရ ကို နိုင်ငံရေးလက်နက်တခုအနေနဲ့ ထုတ်သုံးတာ မတွေ့ရသေးပါဘူး။ မြန်မာနဲ့ ဗမာကို မူမရှိဘဲ အုတ်အရောရော၊ ကျောက်အရောရော ရောနှောသုံးစွဲခဲ့တာ မျိုးကိုပဲ တွေ့ရပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဗမာကနေ မြန်မာကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလာတဲ့ လက္ခဏာတချို့ တွေ့ရပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ဗမာ့တပ်မတော်ကို မြန်မာ့တပ်မတော်အဖြစ် မသိမသာ ပြောင်းလဲပစ်လိုက်တာကို ကြည့်ရင် သိနိုင်ပါတယ်။ ကျောင်းသားသမဂ္ဂကိုလည်း ဖျက်ဆီးလိုက်ပါတယ်။ဗိုလ်ချုပ်နေဝင်း ဟာ သူ့ဘဝတလျောက်လုံး ကျောင်းသားသမဂ္ဂမှာ ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ သမိုင်းအစဉ်အလာ မရှိသူမို့ တကသ၊ ဗကသ တွေ အပေါ်မှာ ဝန်တိုစိတ်ရှိပါတယ်။ ဗကသရဲ့ ကြီးမားတဲ့ အစဉ်အလာကိုလည်း ဖျောက်ဖျက်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒို့ဗမာအစည်းအရုံးမှာလည်း ဗိုလ်ချုပ်နေဝင်းဟာ ပါဝင်လှုပ်ရှားခဲ့ဖူးသူ မဟုတ်ပါဘူး။ သခင်ရှုမောင်နာမည်ဟာလည်း ဂျပန်သွားကာနီးကျမှ အရေးပေါ်ကောက်တပ်လိုက်တဲ့ သခင်နာမည်မျှသာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်နေဝင်း ဂျပန်ကို လိုက်ပါ သွားခွင့်ရတာကလည်း သူ့ရဲ့ဦးလေးဖြစ်သူ သခင်ညီ မကျန်းမာလို့ လူစားထိုး လိုက်ပါခဲ့ရတာသာ ဖြစ်ပါတယ်။ (ကိုကို မောင်ကြီးရေးတဲ့ တရံရောအခါတွင် ကြည့်ပါ) သူမပါခဲ့တဲ့ ဒို့ဗမာအစည်းအရုံးရဲ့ အစဉ်အလာကိုလည်း ဗိုလ်ချုပ်နေဝင်း ဟာ လိုလားနှစ်သက်မှု မရှိပါဘူး။ ဒီလိုအခြေအနေမှာ ဗိုလ်ချုပ်နေဝင်းဟာ ဗမာအစား၊ မြန်မာကို တဖြည်းဖြည်း အစား ထိုးလာပါတယ်။ ဗမာနာမည်နဲ့ အဖွဲ့အစည်းတွေကိုလည်း မှေးမှိန်အောင်လုပ်ပါတယ်။ တခြားတဘက်မှာလည်း မြန်မာ လူမျိုးကြီးဝါဒကို တဖြည်းဖြည်း ကျင့်သုံးလာပါတယ်။ ဒါပေမဲ့ ဗမာအစား မြန်မာကိုအစားထိုး ပြောင်းလဲလိုက်ကြောင်း တော့ တရားဝင် နာမည်တပ်ကြေညာတာမျိုးလုပ်တဲ့အထိ အတင့်မရဲခဲ့ပါဘူး။ ဒို့ဗမာအစည်းအရုံးသမိုင်းကို ၁၉၇၆ ခုနှစ်မှာ ထုတ်ဝေတဲ့အခါ ဒို့ဗမာအစည်းအရုံးသမိုင်းမှာပါတဲ့ ဗမာ၊ မြန်မာ အဓိပ္ပါယ် ဖွင့်ဆိုချက်ဟာ မဆလရဲ့ “မြန်မာ” နဲ့ နိုင်ငံရေး အနှစ်သာရအားဖြင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်ကြောင်း ပေါ်လွင်လာပါ တယ်။ အဲဒီအခါမှာ ဒို့ဗမာအစည်းအရုံးသမိုင်း စာအုပ်ထဲက ဗမာ၊ မြန်မာ အဓိပ္ပါယ်ဖွင့်ဆိုချက်ပါတဲ့ စာမျက်နှာ ၂၁၅ မှာ အောက်ခြေမှတ်စု အဖြစ်နဲ့ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အဓိပ္ပါယ်ရှင်းလင်းချက် စာတမ်း စာမျက်နှာ ၁၈ မှာပါတဲ့ စာပိုဒ်ကို ထည့်သွင်းခိုင်းခဲ့ပါတယ်။ အဲဒီမှတ်စုက.. “ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် ဟုခေါ်ထားခြင်းမှာ တိုင်းရင်းသား လူမျိုးစုံတို့ စုပေါင်းနေထိုင်သည့် ပြည်နယ်နှင့် တိုင်းများ ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံဖြစ်ကြောင်း သမိုင်းအစဉ်တလျှောက် မြှော်မှန်းခဲ့ကြသည့် ဆိုရှယ်လစ်စနစ်ကို မြဲမြံခိုင်မာစွာ တည်ဆောက်ကျင့်သုံးသွားမည့် နိုင်ငံဖြစ်ကြောင်း၊ ဘုရင်စနစ်ဖြင့် အုပ်စိုးသော နိုင်ငံ မဟုတ်ဘဲ၊ လုပ်သားပြည်သူတို့ အာဏာပိုင်စိုးသော နိုင်ငံဖြစ်ကြောင်းနှင့် တိုင်းရင်းသားလူမျိုးများကို သိမ်းကျုံးပေါင်းရုံး၍ ခေါ်ဆိုသည့် မြန်မာဟူသော လူမျိုးများ မှီတင်းနေထိုင်ရာ နိုင်ငံတော်ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်သည်” ဗိုလ်ချုပ်နေဝင်းဟာ တိုင်းရင်းသားလူမျိုးအားလုံးကိုယ်စားပြုပြဋ္ဌာန်းးထားတဲ့ ဗမာစကားလုံးအစား၊မြန်မာလူမျိုးကြီးစိုးရေး ကိုသာ လိုလားကြောင်း ထင်ရှားပါတယ်။ ဒါပေမဲ့ ဘာ့ကြောင့် မြန်မာကို တိုင်းရင်းသားအားလုံးကိုယ်စားပြု သုံးစွဲသင့် ကြောင်းကိုတော့ အကျိုးသင့်အကြောင်းသင့် ရှင်းမပြနိုင်တာကိုလည်း ထင်းထင်းကြီး မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်နေဝင်းဟာ ဗမာနဲ့ မြန်မာကို ပြောင်ပြောင်တင်းတင်း ပြောင်းပြန် မလှန်ရဲသေး တာကိုလည်း သတိပြုရင် တွေ့နိုင် ပါတယ်။ နယ်ချဲ့တော်လှန်ရေး သမိုင်းကာလနဲ့ သိပ်အလှမ်းမကွာသေးတဲ့အတွက်၊ သိမှီသူတွေ သိပ်များသေးတဲ့အတွက် မလှန်ရဲသေးတာ ဖြစ်ပါတယ်။ ဗမာနဲ့ မြန်မာကို အဓိပ္ပါယ်အတိအကျ ခွဲခြားပြဋ္ဌာန်းး သတ်မှတ်တာမျိုး မလုပ်ဘဲ သူ့သက် တမ်းတလျောက်မှာ မသိမသာဘဲ ဆက်လက် ရောထွေးသုံးစွဲသွားခဲ့ပါတယ်။ နိုင်ငံရေး ပယောဂ ဝင်လာခြင်း တကယ်တန်း ဗမာနဲ့ မြန်မာကို ပြောင်ပြောင်တင်းတင်းကြီး ပြောင်းပြန်လှန်ပစ်ရုံသာမက ဗ၊ မ အပြောင်းအလဲကို နိုင်ငံ ရေးလက်နက်အဖြစ် အသုံးချခဲ့သူကတော့ ဗိုလ်ချုပ်နေဝင်းရဲ့ လူယုံတပည့်ကျော်ကြီး ဗိုလ်ချုပ်ခင်ညွန့် ဖြစ်ပါတယ်။ အ ခွင့်အရေး ပေါ်လာလို့လည်း ထုတ်သုံးခဲ့တာ ဖြစ်ပါတယ်။ အခွင့်အရေး ပေါ်လာပုံက ဒီလိုပါ။ ၁၉၈၈ မတ်လမှာ ဖုန်းမော် အရေးအခင်းပေါ်လာတော့ ဦးဆောင်လှုပ်ရှားခဲ့သူ ကျောင်းသားတွေထဲမှာ အခုပါတီထောင် ထားတဲ့ ကိုအေးလွင်တို့၊ မြေလတ်ကျောင်းသားသမဂ္ဂခေါင်းဆောင် လုပ်ခဲ့တဲ့ ကိုကျော်နိုင်မင်းတို့ ပါဝင်ခဲ့ပါတယ်။ မတ်လ ၁၆ ရက် တံတားနီ အရေးအခင်းမှာ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုအောင်မျိုးတင့် ၊ ကိုညိုထွန်း၊ ကိုတင်အေး စတဲ့ သူ တွေပါဝင်ခဲ့ပါတယ်။ မတ်လ ၁၇ ရက် ရန်ကုန်တက္ကသိုလ်ထဲမှာ စစ်တပ်က ကျောင်းသားတွေကို ကျောင်းဝိုင်း ပိတ်ဆို့ပြီး ရိုက်နှက်ဖမ်းဆီးတဲ့အထဲမှာ ကိုမင်းဇေယျ ပါဝင်ခဲ့ပါတယ်။ အကျဉ်းချုပ်ပြောရရင် မတ်လ လှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့ သူတချို့ဟာ စောစောစီးစီး အဖမ်းခံခဲ့ကြရပါတယ်။ ဇွန်လ မြေနီကုန်းလှုပ်ရှားမှုမှာတော့ မောင်မောင်ကျော်၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်၊ အောင်ဒင်တို့ ပါဝင်လှုပ်ရှားခဲ့ကြ ပါတယ်။ မတ်လမှာ အဖမ်းမခံရဘဲ လွတ်နေသေးတဲ့ ညိုထွန်းလည်း အဲဒီ အဖွဲ့နဲ့အတူ ပါလာပါတယ်။ သူတို့ဟာ ဒုတိယ ကျောင်းသားခေါင်းဆောင်အသုတ် ဖြစ်လာပါတယ်။ ဇူလိုင်လ ၇ ရက်နေ့မှာ အဖမ်းခံထားရတဲ့ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုကျော်နိုင်မင်း၊ ကိုအေးလွင် စတဲ့ ပထမအုပ်စု ပြန်လွတ်လာကြပါတယ်။ မန္တလေးဆောင်မှာ ရုံးခန်းဖွင့်ပါတယ်။ မတ်လ ၂၈ ရက် သမဂ္ဂရင်ပြင်မှာ ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗကသ အဖွဲ့ချုပ်ကို ပြန်လည် ဖွဲ့စည်းတဲ့အခါ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုအောင်ဒင်၊ ကိုမိုးသီးဇွန်တို့ဟာ အလုပ်အမှုဆောင်တွေ ဖြစ်လာကြပြီး ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင်၊ ကိုကျော်နိုင်မင်း၊ ကိုအေးလွင် စတဲ့ ပထမအသုတ်ခေါင်းဆောင်တွေ ကျန်နေခဲ့ပါတယ်။ အဲဒီလို အခြေအနေအပေါ်မှာ သဘောထားကွဲလွဲကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရေးကော်မတီ မကသဖ ဟာ မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ မကသ ရဲ့ ရှေ့ပြေးဖြစ်လာပါတယ်။ ဇွန်လအုပ်စုတွေဟာ ဗကသ ဖြစ်လာပြီး၊ မတ်လ အုပ်စုထဲက တချို့ဟာ မကသ ဖြစ်လာပါတယ်။ နေရပ်အရ ပြောရရင်လည်း ဇွန်လအုပ်စု အများစုဟာ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာဘက်မှာ နေကြပြီး မတ်လ အုပ်စု တော်တော်များများဟာ စမ်းချောင်းဘက်မှာ နေကြပါတယ်။ သူ့အုပ်စု လေးနဲ့သူ သီးခြားလိုလို ဖြစ်နေပါတယ်။ ကျောင်းသားတွေကြားမှာ ဒီလိုသဘောထားကွဲပြားနေတာကို ဗိုလ်ချုပ်ခင်ညွန့်က နိုင်ငံရေးလက်နက်အဖြစ် အခွင့်အရေး ယူ အသုံးချပြီး ကျောင်းသားတွေ ပိုကွကွဲအောင်လုပ်ပါတော့တယ်။ တနိုင်ငံလုံးက ကျောင်းသားထုကြီးပါ နှစ်ခြမ်းကွဲသွား အောင်အထိ ရည်ရွယ်ချက် ကြီးကြီးမားမားထားပါတယ်။ ကျောင်းသားတွေ မလိမ္မာခဲ့ရင် ကျောင်းသားထုကြီးကြားမှာ သွေးထွက်သံယို ဖြစ်ရပ်တွေတောင် ဖြစ်လာနိုင်တဲ့အထိ အန္တရာယ်ကြီးနိုင်တဲ့ ဧရာမ နိုင်ငံရေးလုပ်ကြံမှုကြီးတခုပါ။ (အခု ၂၀၁၂ ခုထဲမှာ အလားတူ နောက်ထပ်လုပ်ကြံမှုမျိုးအတွက် ခြေလှမ်းပြင်လာတာကိုလည်း တွေ့နေရပြီ ဖြစ်ပါတယ်။) အဲဒီတုန်းက လုပ်ကြံပုံက ဒီလိုပါ။ စစ်တပ်အာဏာသိမ်းပြီး သူတို့ အာဏာ မခိုင်မာသေးခင်၊ ကျောင်းသားနဲ့ ပြည်သူလူ ထုတွေ နောက်တခါ အုံကြွဆန့်ကျင်လာမှာကို ကြောက်နေတဲ့ အချိန်ကာလမှာ ဗိုလ်ချုပ်ခင်ညွန့်ဟာ ကျောင်းသားခေါင်း ဆောင်တွေကို ခေါ်ပြီးတွေ့ခဲ့ပါတယ်။ ပထမ အဆင့်မှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့တပည့် ဗိုလ်မှူးလှသန်းက ကျောင်းသားခေါင်း ဆောင်တွေကိုတွေ့ဆုံပြီး ကျောင်းသားသမဂ္ဂ တရားဝင်တည်ထောင်ခွင့် ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ကျောင်းသား တွေဘက်က ဗိုလ်ချုပ်ခင်ညွန့်ကို မယုံကြည်တဲ့အတွက် အဲဒီကျောင်းသားခေါင်းဆောင်တွေကို ရာဇဝတ်ပြစ်မှုကျူးလွန် သည်မှတပါး တခြားပြစ်မှုနဲ့ ဖမ်းဆီးအရေးယူတာမျိုး မလုပ်ပါဘူးလို့ ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင် လက်မှတ်ရေးထိုးပေးခဲ့ပါ တယ်။ ကျောင်းသားတွေအားလုံးရဲ့ နာမည်ပါဝင်ပြီး ဗိုလ်ချုပ်ခင်ညွန့် ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ စာမူရင်းကို သုံးစောင်လက်မှတ်ရေးထိုးပေးတဲ့အတွက် ကျောင်းသားတွေခွဲပြီး သိမ်းဆည်းခဲ့ကြပါတယ်။ အဲဒီတုန်းက ဗိုလ်ချုပ်ခင်ညွန့်နဲ့ သွားရောက်တွေ့ဆုံခဲ့ကြသူတွေထဲမှာ ကိုမင်းဇေယျ၊ ကိုဌေးကြွယ်၊ ကိုဝင်းကြွယ်၊ ကိုကျော်နိုင်မင်း၊ ကိုညိုထွန်း၊ ကိုလှမျိုးနောင်၊ မခင်ဥမ္မာ၊ ကိုအေးလွင်၊ မခင်မာဝေ၊ ကိုဇော်မင်း တို့ အပါအဝင် ကျောင်း သားပေါင်း ၂၈ ယောက် လို့ထင်ပါတယ်၊ သွားတွေ့ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမိုးသီး၊ ကိုအောင်ဒင်တို့က သွားမတွေ့ခဲ့ကြပါဘူး။ ဗိုလ်ချုပ်ခင်ညွန့်က မကသ နာမည်နဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းဖို့ ခွင့်ပြုခဲ့ပါတယ်။ နေရာနဲ့ ထောက်ပံ့မှုတချို့ ပေးခဲ့ပါ တယ်။ ဗကသကို တရားဝင် အသိအမှတ်မပြုဘဲ၊ မကသကိုသာ တရားဝင် အသိအမှတ်ပြုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ကျောင်းသားအုပ်စု နှစ်အုပ်စုကို ပိုပြီးကွဲအောင် သပ်လျှိုလိုက်တာ ဖြစ်ပါတယ်။ မကသတွေ ထောက်လှမ်းရေးနဲ့ ပေါင်း သလား။ ထောက်လှမ်းရေးကို ဒူးထောက်ခဲ့သလား။ ထောက်လှမ်းရေးက ဘာ့ကြောင့် သူတို့ကို ထောက်ပံ့သလဲ။ စ သည်ဖြင့် သံသယတွေလည်း ထွက်ပေါ်လာပါတယ်။ ဒီလိုဖြစ်အောင် ဗိုလ်ချုပ်ခင်ညွန့်က ထောင်ချောက်ဆင်တာပါ။ အကောက်ဉာဏ်သုံးပြီး အဖွဲ့အစည်းတွေကြားထဲဝင် သပ်လျှိုဖြိုခွဲတဲ့နေရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားသူ ဗိုလ်ချုပ် ခင်ညွန့်ဟာ အကွဲပိုကြီးအောင် အားဖြည့်တဲ့အနေနဲ့ ၁၉၈၉ ခုနှစ် မေလမှာ နိုင်ငံရေးလက်နက်ကို ထုတ်သုံးပါတယ်။ ပြည် မနေလူမျိုးကို ဗမာလို့ခေါ်ရမယ်၊ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း စတဲ့ တိုင်းရင်းသားအားလုံး အပါအဝင် တနိုင်ငံလုံးနေ လူတွေအားလုံးကိုတော့ မြန်မာလို့ ခေါ်ရမယ်လို့ ဗိုလ်ချုပ် ခင်ညွန့်က အမိန့်ထုတ်ပြီး အစဉ်အလာကို ပြောင်းပြန်လှန်ပစ်လိုက်ပါတယ်။ ဘာ့ကြောင့် ဒီလို ပြောင်းပြန်လှန်သလဲ။ အဖြေကရှင်းရှင်းလေးပါ။ ၁။ ကျောင်းသားတွေကြားထဲမှာ အကွဲအပြဲကို ကြီးသထက်ကြီးအောင် လုပ်တာပါ။ ကျောင်းသားခေါင်းဆောင်တွေကြား မှာ ကွဲဖို့ဆိုတာထက် ကျောင်းသားထုကြီးပါ နှစ်ခြမ်းကွဲအောင် ရည်ရွယ်ချက်ကြီးကြီးမားမားထားပြီး လုပ်တာပါ။ ၂။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဒို့ဗမာအစည်းရုံးတို့ရဲ့ အစဉ်အလာကို ကျဉ်းမြောင်း သေးသိမ် သွားအောင် လုပ်တာဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေဟာ တိုင်းရင်းသားနဲ့မဆိုင်သယောင် ဖြစ်သွားအောင်လုပ်တာပါ။ အဲဒီတုန်းက “ဗ” မှန်သမျှကို အကုန် “မ” နဲ့ အစားထိုး ပြောင်းလဲရေးကို စစ်ဆင်ရေး တခုလိုလုပ်လိုက်တာဟာ တော် တော် မျက်စိနောက်စရာ ဖြစ်ခဲ့ပါတယ်။ “ဗ” မှန်သမျှကို “မ” နဲ့ လိုက်အစားထိုးလို့ ဗကသ ကျောင်းသားခေါင်းဆောင် ညိုထွန်းက မခံနိုင်ဖြစ်ပြီး ဗိုလ်ခင်ညွန့်လုပ်ပုံနဲ့တော့ ဗုဒ္ဓတောင် မုဒ္ဓ ပြောင်းရတော့မလို ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။ ဒါကို ဗိုလ်ချုပ်ခင်ညွန့်က စကားလုံးနည်းနည်း ဖြတ်ညှပ်ကပ်လုပ်၊ လိုရာဆွဲပြီး ဗုဒ္ဓကို မုဒ္ဓဟုခေါ်သူ ညိုထွန်း ဆိုပြီး သတင်းစာ ထဲမှာ ခေါင်းစီးစာလုံးမဲကြီးနဲ့ ဖော်ပြခဲ့ပါသေးတယ်။ တကယ်တမ်းနောက်ပိုင်းမှာတော့ မကသ တွေဟာလည်း ကျောင်းသားထုကို သစ္စာဖောက်သူတွေ မဟုတ်ဘူးဆိုတာ ပေါ်လွင်ထင်ရှားလာပါတယ်။ ဗိုလ်ချုပ်ခင်ညွန့်ဟာ သူကိုယ်တိုင် စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပေးထားတဲ့ ကတိကို ဖျက်ပြီး သူမဖမ်းဘူးလို့ အာမခံထားတဲ့ ကျောင်းသားတွေအားလုံးကို သိမ်းကျုံးဖမ်းဆီးခဲ့ပါတယ်။ မကသ ခေါင်းဆောင် တွေဟာ ရှေ့ဆုံးက အဖမ်းခံကြရပါတယ်။ ဗကသ တွေလည်း အဖမ်းခံရပါတယ်။ ညှဉ်းပမ်းနှိပ်စက်မှုအမျိုးမျိုးကို ခံရပါ တယ်။ စစ်ဗိုလ်ဆိုတာ ပေးထားတဲ့ ကတိဘယ်တော့မှ မဖျက်ဘူးလို့ ဒီနေ့ စစ်ဗိုလ်တွေ အပြောကြီးနေကြပေမဲ့ စစ်ဗိုလ် တွေဟာ သူတို့ပေးထားတဲ့ကတိကို ဖျက်ခဲ့ကြတာဟာ မရေမတွက်နိုင်အောင် များလှပါတယ်။ စာပေစိစစ်ရေးကလည်း ဗမာမြန်မာကို စောင့်ပြီး စိစစ်ရေးလုပ်ပါတယ်။ ထုတ်ဝေပြီးသားဖြစ်တဲ့ ဆရာ မောင်သာနိုးရဲ့ ဗမာစာ၊ ဗမာစကား စာအုပ်တောင်မှ နောက်တကြိမ်ထုတ်တော့ မြန်မာစာ၊ မြန်မာစကားလို့ ပြောင်းခိုင်းပါတယ်။ ဒီလိုနဲ့ အာဏာသုံးပြီး သူတို့ပြဋ္ဌာန်းးချက်ကို လူတွေစွဲသွားအောင် နှစ်ပေါင်း နှစ်ဆယ်အစိတ်ကျင့်သုံးခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ဒီနေ့ခေတ် တိုင်းရင်းသားလူငယ်လေးတွေဟာ စစ်အာဏာရှင်ရဲ့ ပြောင်းပြန်ပြဋ္ဌာန်းးချက်ကိုပဲ အမှန်လို့ ထင်လာကြတာ ဖြစ်ပါတယ်။ သူတို့မွေးကတည်းက ဒီအတိုင်းတွေ့လာရတာကိုး။ စစ်အာဏာရှင်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ အဖွဲ့အစည်း မဟုတ်ဘဲ၊ ပြည်မနေလူမျိုးတမျိုးတည်းကိုသာ ကိုယ်စားပြုတဲ့ ကျဉ်းမြောင်းတဲ့ အဖွဲ့အစည်းလို့ တိုင်းရင်းသားတွေ အထင်မှားအောင် သပ်လျှိုချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ဒါတွင်မကဘဲ နောင်ခေတ်အဆက် ဆက်မှာ ဗ၊ မ ပြဿနာအမွေဆိုးကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး ကျောင်းသားတွေကြားထဲမှာ အကွဲကြောင်း ဆက် တိုက်ပေါ်နေအောင် ရည်ရွယ်တာ ဖြစ်ပါတယ်။ ဒီတော့ ခြုံငုံပြီး ပြောရရင် “ဗမာသည် တနိုင်ငံလုံး” မူဟာလူမျိုးကြီးဝါဒကိုဆန့်ကျင်တဲ့ အခြေခံပေါ်မှာ စတင်သုံးစွဲလာတဲ့ မူ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ဂုဏ်ရောင်ထွန်းပြောင်ခဲ့တဲ့ သမိုင်းတန်ဖိုးကိုလည်း ကိုယ်စားပြုပါတယ်။ “မြန်မာသည် တနိုင်ငံလုံး” မူကတော့ လူမျိုးကြီးဝါဒကို ကိုယ်စားပြုပါတယ်။ သွေးခွဲသပ်လျှိုခဲ့တဲ့ သမိုင်းကို ကိုယ်စားပြုပါ တယ်။ “ဗမာသည် တနိုင်ငံလုံး” မူဟာ ဒို့ဗမာ အစည်းအရုံးမူ ဖြစ်ပါတယ်။ “မြန်မာသည် တနိုင်ငံလုံး” မူ ကတော့ ဗိုလ်ချုပ်ခင် ညွန့် မူ ဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်ရဲ့ နာမည်သည်ပင် စစ်အာဏာရှင် အငွေ့အသက်၊ ပဒေသရာဇ် အငွေ့အသက်လွှမ်းခြုံနေတဲ့ မြန်မာ ဆိုတဲ့ နာမည်အစား၊ ဗမာဆိုတဲ့ နာမည်ကိုယူသင့်ပါတယ်။ ပြည်ထောင်စု ဗမာနိုင်ငံတော် ဖြစ်သင့်ပါတယ်။ လူမျိုးစုံသွေး စည်းညီညွတ်ရေး အစဉ်အလာနဲ့ မှည့်ခေါ်ထားတဲ့ ဗမာကသာ အသင့်တော်ဆုံးဖြစ်ပါတယ်။ အင်္ဂလိပ်လို ရေးရင်လည်း Bamar သို့မဟုတ် Bama လို့သာ ရေးသင့်ပါတယ်။ ဗမာဆိုတဲ့ နာမည်ရော၊ မြန်မာဆိုတဲ့နာမည်ရောဟာ ရင်းမြစ်ကိုကြည့်ရင် ပြည်မနေလူမျိုးစုနဲ့သာ သက်ဆိုင်တဲ့အတွက် နာမည်နှစ်မျိုးလုံးကို မကြိုက်ဘူးဆိုတဲ့ အမြင်မျိုးလည်း တိုင်းရင်းသားတွေကြားမှာ ရှိခဲ့ဖူးပါတယ်။ ၁၉၉၀ ဝန်းကျင် ကစ ပြီး ၁၉၉၄ ခုနှစ် ဝန်းကျင်အထိ မာနယ်ပလော အားကောင်းစဉ်ကာလတုန်းက ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် DAB ကဦးစီး ကျင်းပတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲရေး အစည်းအဝေးတွေထဲမှာ နိုင်ငံအမည် ပြင် ဆင်ပြောင်းလဲရေး ဆွေးနွေးပွဲ တခုပါဝင်ခဲ့ဖူးပါတယ်။ မြန်မာရော၊ ဗမာပါ မပါအောင် ရှောင်ပြီး ရွှေပြည်ဗိမာန်၊ ရွှေနိုင်ငံ၊ သံလွင်ဧရာ၊ ဇေယျာသီရိ ဆိုပြီး နာမည်အမျိုး မျိုး စမ်းပေးကြည့်ဖူးပါတယ်။ သူတို့ပေးတဲ့ နာမည်တွေကို သူတို့ကိုယ်တိုင် မကြိုက်နိုင်ခဲ့ကြပါဘူး။ နာမည်တွေက သင်္ဘောနာမည်လိုလို၊ ကားဂိတ်နာမည်တွေလိုလို အများစိတ်ထဲမှာ ရယ်စရာတွေ ဖြစ်နေခဲ့ပါတယ်။ တကယ်တော့ ကြိုက်နိုင်တယ်ဆိုစေဦးတော့၊ အဲဒီနာမည်တွေဟာလည်း မြန်မာဘာသာနဲ့ ပေးထားတဲ့ နာမည်တွေ ဖြစ်နေပါသေးတယ်။ တကယ်တော့လည်း တရားဝင်နိုင်ငံနာမည် ဆိုတာဟာ အသံထွက် တမျိုးတည်းပဲ ဖြစ် သင့်တယ်မဟုတ်လား။ ဒီတော့ ဘာသာစကားတမျိုးတည်းနဲ့ပဲ ပေးရတော့မှာပါ။ ဒါမှမဟုတ် မြန်မာအရိပ်နဲ့ လွတ်အောင် ချင်းစာ၊ ရှမ်းစာ၊ မွန်စာ၊ ကချင်စာနဲ့ နာမည်ပေးမယ်ဆိုရင်ရော၊ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုနိုင်မှာပါလား။ ဒါမှ မဟုတ် အင်္ဂလိပ်လို ပေးဦးမလား။ ဒါဆိုရင် ပိုတောင် ဆိုးပါဦးမယ်။ ဒီတော့ ဒီလောက်အထိ အသစ်ထွင်ဖို့ စဉ်းစားချက် ဟာ နာမည်ဆိုတဲ့ ပညတ်အပေါ် အယူသီးလွန်းရာကျတဲ့သဘော ဖြစ်နေပါလိမ့်မယ်။ ပညတ်က အဓိကမဟုတ်ပါဘူး။ နိုင်ငံရေး သဘောထား၊ နိုင်ငံရေး ရည်ရွယ်ချက်၊ ထားရှိတဲ့ စေတနာကသာ အဓိကဖြစ်ပါတယ်။ လူမျိုးစုစည်းလုံးညီညွတ် ရေးကို ရည်ရွယ်ပြီး တီထွင်သုံးစွဲထားတဲ့ သမိုင်း အစဉ်အလာကောင်းတဲ့ ဗမာနိုင်ငံဆိုတဲ့ စကားလုံးဟာ တိုင်းရင်းသား လူမျိုးစုအားလုံး အပါအဝင်ဖြစ်တဲ့ နိုင်ငံတော်ကို ခေါ်ဆိုထိုက်တဲ့ အသင့်တော်ဆုံးနာမည်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ဒါ့အပြင် တခြားနိုင်ငံတွေရဲ့ နမူနာကိုလည်း ကြည့်ပါ။ ဂျာမနီမှာ ဂျာမန်လူမျိုးတမျိုးတည်းနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အများစု ဂျာမန်တွေရဲ့ နာမည်ကိုပဲ နိုင်ငံ နာမည် ပေးထားပါတယ်။ ရုရှားမှာလည်း ရုရှားလူမျိုးတမျိုးတည်း နေတာ မဟုတ်ပါဘူး။ တိုင်းရင်းသား လူမျိုးပေါင်းစုံနေထိုင်ကြပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ယူနီယံ မတိုင်ခင်နဲ့ ဆိုဗီယက်လွန်ကာ လမှာ သူ့နိုင်ငံနာမည်ကို ရုရှားလို့ ပေးထားတာနဲ့ပတ်သက်ပြီး ဘာမှ ပြဿနာအကြီးအကျယ် မတက်ပါဘူး။ ထိုင်းနိုင်ငံ၊ မလေးရှား၊ အင်ဒိုနီးရှားတို့ဟာလည်း အလားတူ နောက်ထပ်ဥပမာတွေ ဖြစ်ကြပါတယ်။ မှန်ပါတယ်။ သူတို့မှာလည်း သ မိုင်းမှာ အသာရခဲ့တဲ့ လူမျိုး၊ အရေအတွက်များတဲ့ လူမျိုးရဲ့ နာမည်က ကြီးစိုးသွားတာပါ။ ဒါမျိုးဟာ ကျနော်တို့ နိုင်ငံမှာ တင်မဟုတ်ဘဲ နိုင်ငံအများအပြားမှာ ဖြစ်ခဲ့တယ်လို့ ဆိုချင်တာပါ။ သမိုင်းထဲက ထွက်ပေါ်လာတဲ့ ရလဒ်လို့ ဆိုချင်တာပါ။ ဒီတော့ သူတို့မှာ ပြဿနာမတက်ဘဲ ကျနော်တို့မှာ ပြဿနာတက်တာက ဘာ့ကြောင့်ပါလဲ။ အဓိကက လက်ရှိ နိုင်ငံရေး ကြောင့်ပါ။ မျက်မှောက်ကာလမှာ လူမျိုးစုတွေအပေါ်မှာ ကျနော်တို့ အစိုးရက လူမျိုးရေးဖိနှိပ်မှုတွေ လုပ်ထားလို့ပါ။ အ နှစ်သာရ ဖြစ်တဲ့ အဲဒီနိုင်ငံရေးကို ပြောင်းလဲနိုင်ဖို့က လိုရင်းပါ။ နာမည်အနေနဲ့ကတော့ စောစောက ပြောသလို ရည်ရွယ် ချက်ကောင်း၊ သမိုင်းအစဉ်အလာကောင်းတဲ့ ဗမာဆိုတဲ့ နာမည်ကို ခံယူသင့်ပါတယ်။ လူမျိုးစုအပေါ်မှာ ရည်ရွယ်ချက် စေတနာလည်း မကောင်း၊ သမိုင်းအစဉ်အလာလည်း မကောင်းတဲ့ ပဒေသရာဇ်နဲ့ စစ်အာဏာရှင်တွေသုံးတဲ့ “မြန်မာဟာ လူမျိုးအားလုံး အကြုံးဝင်တယ်” ဆိုတဲ့မူဟာ မနှစ်မြို့စရာ နာမည်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အနေနဲ့လည်း “ဗမာ” နာမည်ကို ရဲရဲရင့်ရင့်၊ လိပ်ပြာသန့် သန့်နဲ့ ခံယူဖို့ လိုပါတယ်။ အခုလို “ဗ” နာမည် ရဲရဲ ခံယူဖို့လိုအပ်တယ်လို့ ပြောတာဟာ “ဗ” နဲ့ “မ” ကွဲပြားခဲ့ဖူးတဲ့ ကိုမင်း ကိုနိုင်တို့နဲ့ ကိုမင်းဇေယျတို့ ကြားမှာရှိခဲ့တဲ့ ပြဿနာဟောင်းကို အစပြန်ဖော်တာ မဟုတ်ကြောင်းကိုတော့ အတိအလင်း ပြောကြားချင်ပါတယ်။ ပြဿနာ အစပြန်ဖော်တာမဟုတ်သလို ကိုမင်းကိုနိုင်တို့ဘက်ကို ဘက်လိုက်တာလည်း မဟုတ် ဘူး။ အားလုံး အတူတကွ တိုင်းပြည်အရေး ဆောင်ရွက်ကြသူတွေ ဖြစ်ကြတဲ့အတွက် ဘယ်သူ့ဘက်မှလည်း လိုက်စရာ မလိုပါဘူး။ “ဗ” နာမည်ခံယူတာဟာ ပြဿနာကို အစဖော်တာလည်း မဟုတ်ပါဘူး။ ပြဿနာကို အဆုံးသတ်တာဖြစ်ပါတယ်။နောက် နောင် မျိုးဆက်တွေလက်ထဲမှာ ဒီပြဿနာပါမလာတော့အောင် အဆုံးသတ်တာပါ။ ကွဲ အမွေကို လက်ဆင့်မကမ်းချင်လို့ ဒီမှာ အဆုံးသတ်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ ဒီ့ထက် ပိုအရေးကြီးတဲ့ စကားကို ဆိုရရင် ဗ၊မ ပြဿနာရဲ့ အဓိက နိုင်ငံရေး ဝိရောဓိဟာ ၈၈ နောက်ပိုင်း ပေါ်ပေါက်ခဲ့တဲ့ ဗကသ၊ မကသ အုပ်စုနှစ်စုကြားက ဝိရောဓိက အဓိက မဟုတ်ဘူး။ ဗကသ၊ မကသ ကို အကြောင်းပြုပြီး ဒီပြဿနာ စခဲ့ တာဖြစ်ပေမဲ့ တကယ့် ဝိရောဓိ တကယ့် ပဋိပက္ခက ဒီ့ထက်ပိုကြီးကျယ်ပါတယ်။ တကယ့်အဓိက ဝိရောဓိက စစ်အာဏာရှင်တွေရဲ့ “မ” နဲ့ ဒို့ဗမာအစည်းအရုံးရဲ့ “ဗ”၊ ကိုအောင်ဆန်း၊ကိုဗဟိန်းတို့ရဲ့ “ဗ” ကြားက ဝိရောဓိ၊ စစ်အာဏာရှင်ကိုယ်စားပြု “မ” နဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံကိုယ်စားပြု “ဗ” ကြားက ဝိရောဓိတွေ ကသာ တကယ့်ဝိရောဓိ၊ တကယ့် ပဋိပက္ခဖြစ်ပါတယ်။ ဗကသနာမည် ခံယူဖို့လိုအပ်တယ်လို့ ပြောတာဟာ ၁။ ကိုအောင်ဆန်း၊ ကိုဗဟိန်းတို့ခံယူခဲ့တဲ့ သမိုင်းအစဉ်အလာ၊ကျောင်းသားထုကြီးတခုလုံးက မျိုးဆက်အဆင့်ဆင့် လက် ဆင့်ကမ်း ခံယူခဲ့တဲ့ သမိုင်းအစဉ်အလာကို ကိုယ့်သဘောနဲ့ကိုယ် ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်လို့၊ ၂။ ဒို့ဗမာအစည်းအရုံးက အတိအလင်း ကြေညာပြဋ္ဌာန်းးထားတဲ့ သတ်မှတ်ချက်ကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဆန့်ကျင်ဖို့ မဖြစ်နိုင်လို့၊ ၃။ စစ်အာဏာရှင်တို့ရဲ့ သမိုင်းကို ပြောင်းပြန်လှန်တဲ့လုပ်ရပ်ကို မထောက်ခံနိုင်လို့၊ ၄။ စစ်အာဏာရှင်တို့ရဲ့ မြန်မာ မဟာလူမျိုးကြီးဝါဒကို လက်မခံနိုင်လို့၊ ၅။ ဗကသ ကို တမင်သက်သက် ကျဉ်းမြောင်းအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ စစ်အာဏာရှင်တို့ရဲ့ ဦးချိုးတဲ့ လုပ်ရပ်ကို ဒူးထောက်လက်ခံတာမျိုး မလုပ်နိုင်လို့ ဆိုတဲ့ အချက်ငါးချက်ကြောင့် ဖြစ်ပါတယ်။ ဗမာ၊ မြန်မာပြဿနာဟာ ပြည်ထောင်စုကြီး တခုလုံးနဲ့ ဆိုင်တဲ့ ပြဿနာ ဖြစ်ပါတယ်။ ဗကသများ အဖွဲ့ချုပ်ဆိုတာဟာ လည်း ကျောင်းသားထုကြီး တခုလုံးနဲ့ ဆိုင်တဲ့ နာမည်ပါ။ သမိုင်းအစဉ်အလာကြီးမားလှတဲ့ ဒီနာမည် အပေါ်မှာ ကျေနပ် မှုမရှိဘူးဆိုရင်ဖြင့် လွတ်လွတ်လပ်လပ် စည်းရုံးပြောဆိုခွင့်ရတဲ့ အခြေအနေတခုအောက်မှာ စာပေပညာရှင်၊ သမိုင်းပညာ ရှင်တွေ၊ ဝါရင့် နိုင်ငံရေးခေါင်းဆောင်တွေ အကြေအလည် ပါဝင်ဆွေးနွေးပြီးနောက် ကျောင်းသားထုညီလာခံကြီးခေါ်ယူ ပြီး၊ ဒါမှမဟုတ် ကျောင်းသား အားလုံးဆန္ဒခံယူပွဲကြီးလုပ်ပြီးမှသာ ပြောင်းလဲသင့်ပါတယ်။ ဗကသ နာမည်ကို ကိုယ့်သ ဘောနဲ့ကိုယ် လွယ်လွယ်ပြောင်းဖို့ဆိုတာဟာ မကြံကောင်း မစည်ရာ ကိစ္စကြီးပါ။ သိန်းဇော်မြင့် ကိုးကား ၁။ ဒို့ဗမာ အစည်းအရုံးသမိုင်း ၂။ သိပ္ပံစိုးရင်ရဲ့ မြန်မာ့ယဉ်ကျေးမှု သမိုင်း ၃။ ဦးကျော်ထွန်းရဲ့ မြန်မာဟူသော စကားဖြစ်လာရင်း မူလအကြောင်း။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်။ အတွဲ ၂၃၊ အမှတ် ၂။ ၄။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၅။ ဘီဘီစီ အလင်္ကာပုလဲပန်း အမှတ် ၃။ ဗမာ၊ မြန်မာပြဿနာ။ ၆။ ကိုကိုမောင်ကြီးရဲ့ တရံရောအခါ